နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာနေမှုကို လူလှိုင်းအင်အားသုံး ထိုးစစ်ဆင်ကာ စစ်ရေးနှင့် နိုင်ငံရေးအရ အနေအထား ပြောင်းလဲနိုင်ရန်နှင့် အာဏာချုပ်ကိုင်မှုကို ပိုမိုတင်းကျပ်စေရန်အတွက် အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်က လူယုံတော်များကို အဓိကထား အစားထိုးလျက် စစ်ဘက်နှင့် အရပ်ဘက် အထက်ပိုင်း နေရာများကို ထပ်မံ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းမှုကို တပ်ထိပ်ပိုင်း အဆင့်သုံးနေရာတွင် ပါဝင်သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူး အပြောင်းအလဲ စတင်ခဲ့သည့် စက်တင်ဘာ ၂၇ ရက်မှစတင်ကာ ယမန်နေ့အထိ အစဉ်လိုက်နေရာပေးကာ စစ်ဘက်နှင့် အရပ်ဘက် တာဝန်ရှိသူများကို အစားထိုးလာခြင်း ဖြစ်သည်။

“ဒါထက်ဘာမှ ပြောင်းလဲလာစရာ မရှိပါဘူး။ လူလှိုင်းအင်အား ဗျူဟာနဲ့ပဲ သူတို့ဆက်သွားမှာ။ အခုက ညှိကွပ်နေရာ လစ်လပ်သွားတဲ့အတွက် သူ့လူတွေကို အစဉ်လိုက် တည်လိုက်တဲ့သဘောပါပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖြစ်မှ အသွင်ပြောင်း ရွေးတုသမ္မတ ဖြစ်လာ ပြီးနောက် လူယုံတော်များကို ရွေးတုလွှတ်တော်နှင့် ရွေးတုအစိုးရအဖွဲ့တွင် အကြိမ်ကြိမ်ထည့်သွင်း နေရာမှ ညှိ/ကွပ်အဖြစ် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သူအား ထပ်မံအစားထိုးခဲ့သည်။

ထို့ကြောင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုဗိုလ်ချုပ်ကြီး သန်းထိုက်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာပြီး ယခင်ခန့်အပ်ထားသည့် ဗိုလ်ချုပ်ကြီး ကိုကိုဦး အစား ပြည်ထဲရေးဝန်ကြီးနှင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်တို့က တာဝန်ယူလာကြသည်။

ထို့ပြင် ယခင် ထောက်လှမ်းရေးအဖွဲ့ (ကကလှမ်း) ကို ဖျက်သိမ်း၍ ပြောင်းလဲဖွဲ့စည်းထားသော စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရခ) ချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်၏ နေရာတွင် လေ့ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ပြည့်စုံလင်း စသည်ဖြင့် အဆင့်ဆင့် အစားထိုး ခန့်အပ်ခဲ့သည်။

“သူ့အပေါ်မှာ ပိုပြီးတော့ သစ္စာရှိတဲ့သူတွေ၊ သူခိုင်းတာ လုပ်မယ့်သူတွေကို ရွေးချယ်ခန့်အပ်နေတဲ့ ပုံစံဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် အရန်အင်အားသို့ ပို့ခံထားရသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

“မင်းအောင်လှိုင် စိတ်တိုင်းကျမယ့် သတင်းစကားတွေနဲ့ အစီရင်ခံစာကိုသာ တင်ပြဖို့ အာရုံစိုက် လာလိမ့်မယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး မူဝါဒပိုင်းတွေမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်လာဖို့ ခဲယဉ်းတယ်” ဟု နိုင်ငံရေးအကဲခတ် ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အမိန့်ပေးစနစ်နှင့် ရှေ့တန်းစစ်ဆင်ရေး ဇာတ်ကြောင်းများတွင် အဆက်အစပ်များ ပြတ်တောက် နိုင်ပြီး အပြစ်တင် ရွှေ့ပြောင်းခံရမည်ကို စိုးရိမ်သဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်ရန် ဝန်လေး စေခြင်းများသာ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ဆက်လက်၍ ယခင်ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်စာရင်းစစ်ဆေးရေး အရာရှိချုပ်အဖြစ် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း ပြောင်းလဲခန့်အပ်ခဲ့ပြီး လစ်လပ် သွားသည့် လေ့ကျင့်ရေးအရာရှိချုပ် ရာထူးအတွက် ဒုဗိုလ်ချုပ်ကြီး တင်မင်းလတ် ဖြစ်လာခဲ့သည်။

ဗန်းမော်တိုက်ပွဲတွင် ခံစစ်ပြင်နိုင်မှု အခြေအနေများကြောင့် ဒုဗိုလ်ချုပ်ကြီး တင်မင်းလတ်ကို အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) စစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ်မှ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ထိုမှတစ်ဆင့် ယခုကဲ့သို့ ထပ်မံ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

အလားတူ စစ်တိုင်းမှူးများ၊ တပ်မမှူးများနှင့် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးများကိုပါ လူယုံတော်များဖြင့် ရွေးတုသမ္မတက အစားထိုးခဲ့သလို ၎င်းဦးဆောင်သော ရွေးတုအစိုးရအဖွဲ့ဝင် အရပ်ဘက်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကိုလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အမျိုးသမီးရေးရာ၊ အလုပ်သမားနှင့် အားကစားရေးရာ စသည့် ကဏ္ဍအသီးသီးတွင် လူယုံတော်များဖြင့် အသီးသီး အစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – MOI