ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ မေ ၃ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ် ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းကို ယမန်နေ့ မေ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင် ပျူစောထီးတပ်ဖွဲ့များ ပူးပေါင်းတပ်စွဲထားကြသည့် ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ တစ်နာရီဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးကာ ကျန်ရှိသူများမှာလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“၂ ရက်နေ့ နေ့ခင်းပိုင်းမှာတော့ကားတွေဆိုင်ကယ်တွေနဲ့ကင်းပတ်တာမျိုးတွေရှိတယ်။ ဒရုန်းတွေလွှတ်တယ်။ အခု လက်ရှိထိတော့စခန်းကိုပြန်မဝင်ကြသေးဘူးလို့သိရပါတယ်” ဟု စခန်းသိမ်းနိုင်ပြီးနောက်အခြေအနေနှင့်ပတ်သက်ပြီး တပ်ရင်း(၃၈၀၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တော်လှန် ရေးတပ်ဖွဲ့များမှ လက်နက်ငယ် ငါး လက်၊ ၆၀-မမစိန်ပြောင်း တစ် လက်၊ ခဲယမ်းများ၊ နင်းမိုင်း၊ ယာဥ်ဖျက်မိုင်းများ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲကင်းစခန်း တိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး) အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၆) နှင့် နတ်တလင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် လက်ရှိတွင် သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်အနီးတဝိုက်တွင် အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး နေအိမ်မီးရှို့မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ
#နတ်တလင်း #စစ်ကောင်စီ #ရဲကင်းစခန်း #စခန်းသိမ်း #PDF.#တိုက်ပွဲ #Ayeyarwaddy_Times