နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂ ရက်

မြန်မာ့အရေး အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်သူများအား ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဥ်များဖြစ်သည့် အချက်ငါးချက်ကို တွေ့ဆုံအဆိုပြု ဆွေးနွေးသွားမည် ဖြစ်ကြောင်း 7 EAO Alliance ဟုအမည်ပေးထားသည့် အပစ်ရပ်အဖွဲ့များထံမှ သိရသည်။

7 EAO Alliance သည် သုံးလတစ်ကြိမ် ပြုလုပ်လေ့ရှိသော ၎င်းတို့၏ ဦးဆောင်အဖွဲ့အစည်းအဝေးကို ဧပြီနောက်ဆုံးပတ်က နှစ်ရက်တာ ကျင်းပခဲ့ပြီး အစီအစဥ် ငါးချက်ကို ပြင်ဆင်ချမှတ်ခဲ့ကြောင်း ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ထံမှ သိရသည်။

“ဒီနိုင်ငံရဲ့ အခက်အခဲကို ကျော်လွှားတဲ့နေရာမှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့၊ လူပုဂ္ဂိုလ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ အလျင်းသင့်လို့ တွေ့ဆုံရတဲ့အခါ ဒီအစီအစဥ် ငါးခုကို အဆိုပြုဆွေးနွေးသွားဖို့ စီစဥ်ထားတာ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါငါးချက်မှာ သက်ဆိုင်သည့် အစုအဖွဲ့များက မည်သည့်ကြိုတင် ကန့်သတ်ချက်မျှ မထားရှိဘဲ တစ်နိုင်ငံလုံး အပစ်ရပ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ ကြိုတင်ကတိကဝတ် ရယူရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ကြားကာလအစိုးရ ဖွဲ့ရန်၊ သက်ဆိုင်သူအားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝိုင်းဝန်းရေးဆွဲရန်နှင့် ယင်းဥပဒေကို အခြေခံ၍ ရွေးကောက်ပွဲ ကျင်းပရန်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်ပြောင်းလဲလျှက်ရှိသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုဘဝဒုက္ခများကို သုံးသပ်၍ ယခု ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် ရှေ့အလားအလာများဆိုင်ရာ သဘောထား များကိုလည်း အစည်းအဝေးတွင် စုစည်းနိုင်ခဲ့ကြောင်း 7 EAO Alliance ထံမှ သိရသည်။

ယခင် NCA လက်မှတ်ရေးထိုး EAO အဖွဲ့များဖြင့် စုဖွဲ့ထားသည့် 7 EAO Alliance သည် လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၊ ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများနှင့် အဓိကထိတွေ့ဆက်ဆံနေပြီး အဆိုပါအဖွဲ့ကို အဓိကကျောရိုးသုံးခု ဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်း 7 EAO Alliance တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စသည်တို့ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် PNLO ၊ LDU နှင့် ABSDF တို့သည် အဆိုပါ အဖွဲ့များတွင် ပါဝင်ခြင်းမရှိသလို ကိုယ်စားပြု တက်ရောက်နေသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ကျာဆော်လ မွန်နှင့် ရဲဘော်မျိုးဝင်း စသည်တို့ကိုလည်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပယ်ရှုတ်ချ ကန့်ကွက်ထား ကြောင်း သိရသည်။

ဓာတ်ပုံ- 7 EAO Alliance

#မြန်မာ့အရေးဖြေရှင်းနိုင်ရန် #သက်ဆိုင်သူများ #အချက်၅ချက် #အဆိုပြုသွားမည် #အပစ်ရပ်အဖွဲ့များပြော #Ayeyarwaddy_Times