ဧရာဝတီတိုင်းမ်
မေ ၂ ရက်

TNLA ထိန်းချုပ်ထားသည့် မြို့နယ်များမှ တပ်ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို TNLA မှ သဘောမတူသဖြင့် ဆွေးနွေးပွဲပျက်ခဲ့ကြောင်း သိရသည်။

တအာင်းတပ်မတော် TNLA မှ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်ကြီးကိုကိုဦးတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက် တို့တွင် တရုတ်ပြည်ကူမင်းမြို့၌ တွေ့‌ဆုံဆွေးပွဲပြုလုပ်ခဲ့ရာ သဘောတူညီမှုမရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

TNLA သိမ်းယူထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ဒေသများမှ တပ်ဖွဲ့များအားလုံး နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းသို့ ဆုတ်ခွာကြရန် စစ်ကောင်စီက တောင်းဆိုခဲ့ကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တစ်ဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဆွေးနွေးမှုအဆင်မပြေသည့်အတွက် ဩဂုတ်လတွင် ထပ်မံဆွေးနွေးမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

#TNLA #စစ်ကောင်စီ #ကူမင်း #ဆွေးနွေးပွဲပျက် #Ayeyarwaddy_Times