
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂ ရက်
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ နတ်ကြီးစင်အုပ်စု စိန်ဘုံရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
နှစ်ဖက်တိုက်ပွဲမှာ ယနေ့ မေ ၂ ရက် နံနက် ၈ နာရီခန့်က စတင်ဖြစ်ပွဲခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် နတ်ကြီးစင်အုပ်စု ၊ စိန်ဘုံ ရွာ နှင့် အနီးအနားရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ရွာသားတွေက အခြအနေနည်းနည်းအေးနေပြီဆိုပြီး ရွာထဲကို ပြန်ဝင်ဖို့သွားကြတာ။ ဒီမနက် တိုက်ပွဲဖြစ်ပွားတော့ ရွာသားတွေပြန်ထွက်ပြေးလာရတယ်” ဟု စိန်ဘုံရွာဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
စိန်ဘုံရွာသည် အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည့် ကျေးရွာငယ်ဖြစ်ပြီး ယနေ့ မွန်းလွဲ ပိုင်းတွင် ပစ်ခတ်သံများ ငြိမ်နေသော်လည်း နှစ်ဖက်စစ်ရေးတင်းမာသည့် အနေအထားတွင် ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
“အခုတော့ ငြိမ်နေကြတယ်။ ဘာအသံမှမကြားရသေးဘူး။ဘယ်အချိန်မှာ တိုက်ပွဲထပ်ဖြစ်မလဲ ဆိုတာ ကိုတော့မသိရသေးဘူးပေါ့။ စစ်ဆိုင်တဲ့ အနေအထားမှာ ရှိနေတယ်” ဟု နယ်မြေခံ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဧပြီလ ၂၀ ရက် နေ့မှ စအင်ကာ မင်းသားကျေးရွာ အုပ်စုအတွင်း သို့ အားအများအပြားဖြင့် ဝင်ရောက်လာပြီး တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ယနေ့ မေလ ၂ ရက် နေ့အထိ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။
ထို့အပြင် မောရဝတီရေတပ်နှင့် ကလိန်အောင်အခြေစိုက် ခလရ – ၂၈၂ တပ်ရင်းတို့မှလည်း လက်နက်ကြီး နဲ့ ပစ်ကူပေးလျက်ရှိပြီး ကျွဲသုံးညီမ ပင်လယ်ပြင်တွင် မောရဝတီရေတပ်မှ စစ်သင်္ဘော ငါး စင်းသည် အသင့်အနေအထားဖြင့် အထိုင်ချတပ်စွဲထားကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ နံနက် ပစ်ခတ်မှုဖြစ်စဥ်ကြောင့် နှစ်ဖက် ထိခိုက်မှု အသေးစိတ်အခြေအနေကိုမူ ဧရာဝတီတိုင်းမ် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပုံစာ- စိန်ဘုံရွာ လမ်းမတစ်နေရာ ကိုတွေ့ရစဥ်(ပုံဟောင်း)
#ရေဖြူမြို့နယ် #စိန်ဘုံရွာအနီး #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times