
(မတူပီ)၊ဧရာဝတီတိုင်း
မေ ၂ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာတွင် မြေမြုပ်မိုင်းနင်း၍ စစ်ဘေးရှောင် အမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားပြီး တစ်ဦးမှာမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
မီဇိုရမ်ပြည်နယ်မှ မတူပီဒေသခံ စစ်ဘေးရှောင်နှစ်ဦးသည် ယမန်နေ့ မေ၁ ရက်နေ့၊ မနက်တွင် ငလိုင်ကျေးရွာရှိ နေအိမ်ကိုသန့်ရှင်းရေးဆောင်ရွက်ရန် ရွာသို့ပြန်လာစဥ်တွင် မြေမြုပ်မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“မီဇိုရမ်မှာ စစ်ဘေးရှောင်နေကြတဲ့ နှစ်ယောက် ရွာမှာ မိသားစုတွေပြန်လာဖို့ လိုအပ်တဲ့ သန့်ရှင်းရေးတွေ သွားလုပ်ကြတာ။ မိုင်းနင်းတာက ရွာမှာပါ။ မိုင်းနင်းတဲ့တစ်ယောက်က ခြေတစ်ဖက်ပြတ်သွားတယ်။ တစ်ယောက်က မစိုးရိမ်ရဒဏ်ရာရတယ်” ဟု မတူပီမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ကလည်း CDF-Matupi၊ တပ်မဟာ ၂ မှ ရဲဘော်တစ်ဦးသည် မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ခြေထောက်တစ်ဖက်ပြတ်သည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၇ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ ၆၈ ဦးထက်မနည်းရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
#မတူပီမြို့နယ် #မြေမြုပ်မိုင်း #စစ်ဘေးရှောင်
#Ayeyarwaddy_Times