
ဧရာဝတီတိုင်းမ်
မေ ၂ ရက်
မြန်မာ – ဂျပန်ပြည်သူများ ချစ်ကြည်ရေးအတွက်ဆောင်ရွက်ခဲ့သူ၊ အိမအိဇူမီမြန်မာပညာသင်ဆု ပေးခဲ့သူ၊ အင်ဖာတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ဂျပန်စစ်သည်တော် ဂျပန်နိုင်ငံသား Mr. Imaizumi Seijii (မစ္စတာ အိမအိဇူမီဆေးဂျီ ) ကို စစ်ကောင်စီက လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ပြည်ပပုဂ္ဂိုလ် ဘွဲ့တံဆိပ်ချီးမြှင့်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက မေ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် မစ္စတာ အိမအိဇူမီဆေးဂျီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့က လူမှုထူးချွန်တံဆိပ် ပေးအပ်ခြင်း ဖြစ်ကာ ယခုနှစ်တွင်မှ လက်ဝယ်သို့ရောက်ရှိခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၊ ဆိုက်တမပြည်နယ်တွင်နေထိုင်သူ အသက် ၁၀၂ နှစ်ပြည့်တော့မည့် မစ္စတာ အိမအိဇူမီ ဆေးဂျီ၏ နေအိမ်တွင် မေလ ၁ ရက်နေ့က ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆိုင်ရာ လူမှုထူးချွန်တံဆိပ် ( ပထမဆင့်) ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
မစ္စတာ အိမအိဇူမီဆေးဂျီ သည် ၁၉၄၄ ခုနှစ် အင်ဖာစစ်ဆင်ရေးတွင်ပါဝင်ပြီး ဂျပန်စစ်သည်တော် တစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံသားများ၏ ကူညီစောင့်ရှောက်မှုများကို အမြဲ အမှတ်ရ စေရန်အတွက် ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် Imaizumi Memorial Myanmar Scholarship Foundation ( အိမအိဇူမိ မြန်မာသင်ဆု) ကို တည်ထောင်သူဖြစ်ကြောင်းသိရသည်။
အဆိုပါပညာသင်ဆုကို ၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိပေးအပ်ခဲ့ရာ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံသားပါရဂူဘွဲ့ရသူ ၂၀ ဦး၊ အဆင့်မြင့်ဘွဲ့ရရှိသူ ပညာသင် ၁၇၈ ဦး ပညာသင်ဆု ရရှိခဲ့ကြောင်းသိရသည်။
မစ္စတာ အိမအိဇူမီဆေးဂျီသည် မြန်မာနိုင်ငံရှိ သဘာဝဘေးဒဏ်ခံဒေသများတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ပေးမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ တိုကျို
#ဂျပန်နိုင်ငံသား #အင်ဖာတိုက်ပွဲ #မစ္စတာအိမအိဇူမီဆေးဂျီ #လူမှူထူးချွန်ဆုချီးမြှင့်ခံရ #Ayeyarwaddy_Times