ဧရာဝတီတိုင်းမ်
မေ ၂ ရက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ခြံကွက်ရောင်းဝယ်မည်ဟု ခေါ်ဆောင်သွားပြီး အငြိမ်းစား ပါမောက္ခဖြစ်သူကို သတ် ဖြတ်ခဲ့သည့် တရားခံဖြစ်သူ အိမ်ခြံမြေပွဲစားကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

အငြိမ်းစား ပါမောက္ခ ဖြစ်သူ ဒေါ်ထွေးထွေးကို ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာရှိ နေအိမ်၌ အိမ်ခြံမြေပွဲစားဖြစ်သူက ဦးခေါင်းကိုအုတ်နီခဲဖြင့် ထုရိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများ အရသိရသည်။

ဒေါ်ထွေးထွေးပိုင်ဆိုင်သည့် အိမ်ခြံ‌ကို အရောင်းအဝယ်ပြုလုပ်စဉ် ဈေးမတည့်သည့်အတွက် ပွဲစားဖြစ်သူက ဒေါ်ထွေးထွေးကို လည်ပင်းညှစ်ပြီး အုတ်နီခဲဖြင့် ဦးခေါင်းကို နှစ်ချက်ထုရိုက်သတ်ပြီး ပစ်ထားခဲ့ကြောင်း သိရသည်။

ဒေါ်ထွေးထွေး၏အလောင်းကို ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ လယ်ကွင်းအတွင်းဆောက်လုပ်ထားသည့် တစ်ထပ်တိုက်တွင် နဖူးပြတ်ရှဒဏ်ရာများဖြင့် မှောက်လျက် အနေအထား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ အိမ်ခြံမြေပွဲစား စိုင်းထွန်းနော် (ခ)ကိုစိုင်း(ခ)ငြိမ်းချမ်းဖြိုး(ခ)ကိုဖြိုးကို ဟဲဟိုးမြို့ တည်းခိုးခန်းတစ်ခုတွင် ဒေါ်ထွေးထွေးထံမှယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်း၊ မြေကွက်အရောင်းအဝယ် စာချုပ်စာတမ်း ၃၉ စောင်၊ ဆိုင်ကယ်တစ်စီးနှင့် ကျပ်သိန်း ၂၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေါ်ထွေးထွေးကိုသတ်ဖြတ်ပြီးနောက် ဒေါ်ထွေးထွေးစီးနင်းလာသည့် Belta အမျိုးအစားယာဉ်အတွင်းမှ ရွှေထည်ပစ္စည်းနှင့် ကျပ်သိန်း ၅၀ တို့ကို တရားခံက ယူဆောင်ကာ ဟဲဟိုးသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

#မန္တလေး #ပုသိမ်ကြီး #အငြိမ်းစားပါမောက္ခ #အိမ်ခြံမြေပွဲစား #သတ်ဖြတ်ဖမ်းမိ #Ayeyarwaddy_Times