
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂ ရက်
တနင်္သာရီ တိုင်း ၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ကျေးရွာတွင် ထားဝယ်အထူးစီးပွားရေးဇုန် လည်ပတ်ရန်အတွက် စခန်းချရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေး ပူးပေါင်းတပ်များမှ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူများပြား ခဲ့ကြောင်း ဒေါနတပ်ခွဲ – ၇ (LPF) ထံမှသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသ ၊ထားဝယ်အထူးစီးပွားရေးဇုန် လည်ပတ်ရန်အတွက် အင်အား ၇၀ ခန့်ဖြင့် စခန်းချရန်ပြင် ဆင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီလ ၂၇ ရက် နံနက် ၆နာရီ၃၀ မိနစ်ခန့်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကောင် စီက ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း နဲ့ နီးကပ်လျှက်ရှိတဲ့ လဲရှောင်ရွာမှာ စခန်းချတပ်စွဲပြီးနေတာပါ။ အင်အားက ၇၀ လောက်ရှိတယ်။အဲဒါကို သွားပစ်တာပေါ့။ စနိုက် ပါနဲ့ ထိပြီး နှစ် ယောက်သေတယ်။ ဒဏ်ရာ ရတဲ့ သူတွေများတော့ ညတွင်းချင်းပဲ ရေနက်ဆိပ်ကမ်းဘက်ကို ပြည်ဆုတ်သွားတယ်”ဟု ဒေါနတပ်ခွဲ – ၇ (LPF) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Leo က ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း လေကြောင်းမှနေ၍ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ မရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၆ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်များဘက်က ထိခိုက်ဒဏ်ရာ မရှိခဲ့ဘူးလို့ သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ထားဝယ်ခရိုင်အမှတ် (၁)တပ်ရင်း T1၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း၊ဒေါနစစ်ကြောင်း (၃) တပ်ခွဲ (၄) -KBDF၊ တပ်ခွဲ-၆ (ဝေဟင်)၊ တပ်ခွဲ-၇(LPF) ၊DNLA ၊ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF)၊DGRF၊TPDF၊ ဗထူးတပ်ရင်း၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ရွှေဘီလုံး ၊ရပ်ရွာလုံခြုံရေးအဖွဲ့(ပလဖ) တို့မှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ ၊ ဒေါနတပ်ခွဲ – ၇ (LPF)
#ထားဝယ်အထူးစီးပွားရေးဇုန် #လည်ပတ်ရန် #စခန်းချရန် #စစ်ကောင်စီတပ်ဖွဲဝင်များ #တော်လှန်ရေးပူးပေါင်းတပ်များ #တိုက်ခိုက် #၂ဦးသေဆုံး #Ayeyarwaddy_Times