
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံကို ခေါ်ယူကျင်းပပြီး ၎င်း၏ လူယုံတော်အား နေရာပေးကာ ပွဲထုတ်လာကြောင်း တပ်မတော် CDM အရာရှိများထံမှ သိရသည်။
ယခင်က နှစ်ပတ်လည် ညီလာခံကို ပုံမှန်ရိုးရိုးသာခေါ်ယူလေ့ရှိသော်လည်း ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က အထူးညီလာခံအဖြစ် ခေါ်ယူကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား)ကို အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) နေရာတွင် ခန့်အပ်ခဲ့သည်။
စစ်ခေါင်းဆောင်သည် တပ်အင်အား လိုအပ်ချက်အရ စစ်မှုထမ်းဟောင်းများကို အရန်တပ်ဖွဲ့ဥပဒေဖြင့် ခေါ်ယူနေပြီး ယခု ညီလာခံသည်လည်း နိုင်ငံရေးအတွက် အသုံးချရန်နှင့် ဥက္ကဋ္ဌသစ်ကို ပွဲထုတ်လိုခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“စစ်ရေးအတွက်ကတော့ အရန်တပ်ဖွဲ့ ဥပဒေကတည်းက သူတို့ပြင်ဆင်ခဲ့တယ်။ ဒီဟာတော့ ဥက္ကဋ္ဌသစ်ကို ပွဲထုတ်ချင်တာနဲ့ အထူးဆိုတဲ့ခေါင်းစဉ် တပ်လိုက်တာလို့ပဲ ကျွန်တော်ကတော့ ယူဆတယ်၊ သူ့လူယုံတော်တွေပဲ ခန့်အပ်လာတာ တွေ့ရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လေတပ်ဦးစီးချုပ် ဖြစ်ခဲ့ပြီး တစ်ချိန်က တပ်ချုပ်နေရာအတွက် ရေပန်းစားခဲ့သလို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်ကိုပါ ပူးတွဲယူခဲ့သူလည်း ဖြစ်သည်။
စစ်ခေါင်းဆောင်က လစ်လပ်သွားသော စစ်မှုထမ်းဟောင်းအဖွဲ့၏ သက်ဆိုင်ရာ နေရာများကို ရွေးချယ်တင်မြှောက်ခြင်း၊ အတည်ပြုခြင်းနှင့် လိုအပ်သော ညွှန်ကြားချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အထူးညီလာခံ ကျင်းပခြင်း ဖြစ်ကြောင်း ဆိုထားသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ရှုံးလာသည်နှင့်အမျှ စစ်ဖက်အရပ်ဖက်ဆိုင်ရာ အရေးကြီးနေရာများတွင် ယုံကြည်စိတ်ချရသူများကို အစားထိုး တာဝန်ပေးမှုများ ပိုမိုလုပ်ဆောင် လာပြီး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်အပြင် လေတပ်အရာရှိ နှစ်ယောက်လည်း ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ကို ခန့်အပ်ခြင်းမပြုမီက တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် အနီးကပ် ဆက်ဆံရေး ကို ထိန်းထားနိုင်သော လေတပ်ကာကွယ်ရေးဦးစီချုပ်ဟောင်းဖြစ်သည့် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ဝါရင့်သံတမန် စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦးတို့ကိုလည်း ဖြစ်သည် နေရာတစ်နေရာစီ ပေး၍ ခန့်အပ်ထားကြောင်း သိရသည်။
“မြတ်ဟိန်းက ကြံ့ဖွံ့မှာနဲ့ လွင်ဦးက နေရာတစ်ခု၊ ခင်အောင်မြင့်ကိုလဲ အနီးကပ်ပြန်ထားတဲ့ သဘောပါ။ ရွေးကောက်ပွဲအတွက် စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို ပြန်ခေါ်ပြီး နိုင်ငံရေးအတွက် အသုံးချဖို့ ပြင်နေတာ” ဟု လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် လက်ရှိတွင် ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌဖြစ်ပြီး ဗိုလ်ချုပ်လွင်ဦးသည် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ရုရှား၊ ကာဇက်စတန်နှင့် ဘယ်လာရုစ် နိုင်ငံတို့ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၃ ၊ စက်တင်ဘာတွင် ဗိုလ်ချုပ်လွင်ဦးကို ရုရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအပြင် လက်အောက်ခံ နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် တွဲဖက် ခန့်အပ်ခဲ့ရာမှ လက်ရှိတိုင် နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #စစ်မှုထမ်းဟောင်းဥက္ကဋ္ဌသစ် #ဗိုလ်ချုပ်ကြီးခင်အောင်မြင့် #စစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ #Ayeyarwaddy_Times