ဧရာဝတီတိုင်းမ်
မေ ၂ ရက်

စစ်တပ်ထောက်ခံသူ စစ်အရာရှိဟောင်းလည်းဖြစ်သည့် ဦးကျော်ဇေယျကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဦးကျော်ဇေယျကို စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ (စရဖ)က ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့နောက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးခံရတယ်လို့သတင်းထွက်တယ်။ သူ့ Facebook မှာ ၂၂ ရက်နေ့နောက်ပိုင်းကတည်းက မတွေ့တော့ဘူး။ စစ်တပ်ထောက်ခံချန်နယ်တွေမှာ ဦးကျော်ဇေယျကိုဖမ်းဖို့ တွန်းအားပေး ရေးသားနေတာ ရက်ပိုင်း လောက်ရှိပြီ။ စရဖက ဖမ်းတယ်လို့ သတင်းထွက်တယ်”ဟု နိုင်ငံရေးပါတီများနှင့်ဆက်စပ်မှုရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးကျော်ဇေယျကို စစ်ကောင်စီက မည်သည့်ပုဒ်မတပ်၍ ဖမ်းဆီးခြင်းဖြစ်သည်ကို မသိရ သေးသော်လည်း ၎င်းသည် ဗဟန်းမြို့နယ် ဘုန်းကြီးကျောင်းတစ်ခုတွင် တိမ်းရှောင်နေခဲ့ကြောင်း ပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

ဦးကျော်ဇေယျသည် စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်သော်လည်း စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်ကို သရော်သည့်စာများ ငလျင်နှင့်ပတ်သက်၍ စစ်တပ်အသိုင်းအဝိုင်းကို ထေ့ငေါ့သည့်စာများကို လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေရေးသားသည့်အတွက် စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

စစ်အရာရှိဟောင်း ဦးကျော်ဇေယျသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်မှဝင်၍ ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၁၈ ခုနှစ်တွင် NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။

ထို့နောက် ဒေါ်သက်သက်ခိုင်တည်ထောင်ထားသည့် ပြည်သူရှေ့ဆောင်ပါတီ (PPP) ပါတီတွင် ဒုဥက္ကဋ္ဌအဖြစ် ဝင်ရောက်ကာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခံရခြင်းမရှိခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်တပ်ထောက်ခံသူ အရာရှိဟောင်း ဦးကျော်ဇေယျ
#စစ်အရာရှိဟောင်း #ဦးကျော်ဇေယျ #ပါတီဝင်ဟောင်း #စစ်ကောင်စီဖမ်းဆီး #Ayeyarwaddy_Times