
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မေ ၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ ဧပြီ ၃၀ ရက်နေ့တွင် ဇရစ်မျှောင်ရွာ နှင့် ရွှေပေါက်ပင် ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းမှာ တိုက်ပွဲအတွင်း ၎င်းတို့အထိနာခဲ့သည့် ငမိုးရိပ်ကျေးရွာ အနီးရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ၎င်းတို့စစ်ကြောင်းထိုးရာဒေသတစ်လျှောက်ရှိ ဒေသခံ နေအိမ်မှ ပစ္စည်းများကိုခိုးယူကာ ဖျက်ဆီးခြင်းများပြုလုပ်နေကြောင်းလည်း သိရသည်။
“ဘယ်လောက်ထိအိမ်တွေပါသွားလဲ မသိပေမဲ့ တမင်ကို မီးထိုင်ရှို့တာလို့သိရတယ်။ ရှေ့ရက်ကတိုက်ပွဲမှာ PDF ကြောင့်အထိနာလို့ ပြည်သူကိုမဲတဲ့သဘောပဲ။ ခလရ-၁ တပ်ရင်းထဲကိုလည်း ဆိုင်ကယ်တွေအများကြီးတင်ထားတဲ့ ကားတွေဝင်သွားတယ်လို့သိရတယ်။ ပြီးခဲ့တဲ့တိုက်ပွဲတုန်းက သေတဲ့တပ်သားအလောင်းတွေဆီမှာဆို ထဘီအသစ်ကအစ ပြည်သူတွေဟာယူလာတာ တွေ့ရတယ်” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မင်းလှမြို့နယ်အတွင်းသို့ အင်အား ၅၀၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးနေသည့်အတွက် ကျွဲမကိုင်း၊ ကျောင်းရွာ၊ စမ်းဘုတ်၊ စမ်းကြီး၊ ဇရစ်မျှောင်၊ သရော်ကုန်၊ ဆားချောင်း၊ ထောက်ကြန့်၊ မုက္ခာ၊ တောင်ပြတ်ရွာမ၊ အညာတန်းကြီး၊ သဖန်းပင်ဆိပ် စသည့် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံထောင်နှင့်ချီ၍ စစ်ဘေးရှောင်တိမ်းနေရကြောင်းလည်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် လက်နက်ကြီးများဖြင့်လည်း နေ့စဉ်ပစ်ခတ်မှုများပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ငလှစမ်းကျေးရွာမှ ဒေသခံ သုံးဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ် ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် မင်းလှမြို့နယ်အတွင်း နှစ်ဖက်စစ်ရေစတင်းမာမှုများရှိနေပြီး ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့ ငမိုးရိပ် ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက် ၁၂ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း မင်းလှအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မီးရှို့ခံနေရသည့်ဇရစ်မျှောင်ရွာ
#မင်းလှ #စစ်ကောင်စီ #တိုက်ပွဲ #စစ်ကြောင်းထိုး #နေအိမ်မီးရှို့ #Ayeyarwaddy_Times