
ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိအဆောက်အဦများ ငလျင်ဖြစ်ပြီးတစ်လကျော်ကြာ သည်အထိ ပြင်ဆင်မှုများ မပြုလုပ်နိုင်သေးဘဲ စစ်ကောင်စီက မူလဆောက်လုပ်ခဲ့သည့် ကုမ္ပဏီများကို တာဝန်ပေးမည်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီတွင် ယမန်နေ့ ဧပြီ ၂၉ ရက် ပြုလုပ်သည့်အစည်းအဝေးတွင် စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ရုံးဌာန အဆောက်အဦများ၏ မူလဆောက်လုပ်ခဲ့သူများအား ပြုပြင်ခိုင်းရန် တာဝန်ပေးခြင်း၊ ပြန်လည် ပေးအပ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌတာဝန်ကိုပါ ယူထားပြီး နေပြည်တော်ရှိ ဝန်ကြီးဌာနများတွင် လက်ရှိတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီများနှင့် အင်ဂျင်နီယာအသင်းသုံးသင်းက ထောက်ခံပေးသည့်ကုမ္ပဏီများကိုပါ အဆောက်အဦများ ပြန်လည်ဆောက်လုပ်ရန် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အဦများနှင့် စစ်ဘက်ဆိုင်ရာအဆောက် အဦများ ဆောက်လုပ်ရာတွင် တာဝန်ယူခဲ့သည့် ကုမ္ပဏီများ နေပြည်တော်စည်ပင်သာယာရေးကော်မတီကို ဆက်သွယ်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာထားသည်။
နေပြည်တော်ကောင်စီအတွင်းရှိ အဆောက်အဦနှင့် အစိုးရရုံးများကို ထူး၊ အေးရှားဝေါလ်၊ ဧဒင်၊ မက်စ်မြန်မာ၊ IGE၊ ACE ၊ ရွှေတောင် စသည့်ကုမ္ပဏီများက ဆောက်လုပ်ခွင့်ရရှိခဲ့ကြပြီး ယခုပြန်လည်ဆောက်လုပ်ရန် ယင်းကုမ္ပဏီများပါ တာဝန်ယူပြန်လည်ဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများ ရာနှင့်ချီရှိနေပြီး အဆောက်အဦများကို ယနေ့အထိဖယ်ရှားရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း ဝန်ထမ်းအချို့ထံမှ သိရသည်။
ရုံးဌာနများကိုလည်း အပျက်အစီးများနှင့် ကင်းလွတ်ရာနေရာအချို့တွင် ရွက်ဖျင်တဲများ နိုင်ငံတကာကလှူဒါန်းသည့် ယာယီတဲများဖြင့် ရုံးဖွင့်လှစ်ထားပြီး ဝန်ကြီးဌာနရုံးများအားလုံးကို ယခုလကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီက ပြောဆိုထား သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ကျေးလက်ဦးစီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို တစ်ရက်ခြားစီ ရုံးတက်ခိုင်းနေပြီး အလှည့်ကျရုံးတက်နေရသည့် ဝန်ကြီးဌာနများလည်း ရှိကြောင်း သိရသည်။
အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ ပြိုကျပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက် အဦများကို ကုမ္ပဏီများက ကိုယ့်တာဝန်ကိုယ်ယူပြီး ပြန်တည်ဆောက် ပေးရမည်ဟု ပြန်လည်တည်ဆောက်ရေးဥက္ကဋ္ဌက ပြောဆိုခဲ့ရာတွင် တာဝန်ယူရမည့်ကုမ္ပဏီအများစုမှာ စစ်အရာရှိကြီးများ၏ သားသမီးများနှင့် ၎င်းတို့နှင့်ဆက်နွယ်သည့်ကုမ္ပဏီအများစုက တာဝန်ယူဆောက် လုပ်ခဲ့ကြခြင်းဖြစ်သည်။
အငြိမ်းစားဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏သမီး နန္ဒာအေးကုမ္ပဏီ၊ ဒုဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏သား တေဇစောဦးကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သားတိုးနိုင်မန်း ကုမ္ပဏီ၊ ဝန်ကြီးဦးသိန်းညွန့်၏ သားသမီးများပိုင်သော TZTM ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့က စစ်ဘက်အဆောက်အဦများအပြင် ဝန်ထမ်းအိမ်ရာ၊ အစိုးရရုံးဌာနများနှင့် ဈေးများကိုဆောက်လုပ်ရန် တာဝန်ယူခဲ့ကြသည်။
#နေပြည်တော် #ငလျင် #ပျက်စီးအဆောက်အဦများ #ရုံးဌာန #အလှည့်ကျရုံးတက် #Ayeyarwaddy_Times