ဧရာဝတီတိုင်းမ်
မေ ၁ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်ကောင်စီ၏လေတပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF) ထံမှသိရသည်။

နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီလေတပ်စခန်းကို ယမန်နေ့ ဧပြီ ၃၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါ တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီက အဓိကထားသည့် လေတပ်စခန်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်ပြီး သိပ်မကြာဘူး။ အထဲကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပြန်ပစ်တယ်။ ခြောက်လုံးလုံး အောင်မြင်စွာ ပစ်နိုင်ခဲ့ပါတယ်။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှု ကို စုံစမ်းနေပါတယ်”ဟု Mountain Knight Civilian Defense Forces (MKCDF) မှ တာဝန်ရှိသူက ဧရာ ဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းငလျင်နောက်ပိုင်းတွင် တောင်ငူလေတပ်စခန်းကို ပိုမိုအသုံးပြုလာသည့် အပြင် ဧလာလေတပ်၏ တိုက်ခိုက်ရေးတာဝန်များကိုပါ ဖြည့်စွက်ထမ်းဆောင်နေသည့် လေတပ်စခန်း ဖြစ်သည့်အတွက် MKCDF အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက BWM ၏ ဦးဆောင်စီမံမှုဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

အလားတူ BWM နှင့်မဟာမိတ်အဖွဲ့များသည် ဧပြီ ၃၀ ရက်နံနက်ပိုင်းက စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ- ပေးပို့

#ပဲခူးတိုင်း #တောင်ငူ #ကေတုမတီလေတပ်စခန်း #၁၀၇မမ #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက် #Ayeyarwadd_Times