ဧရာဝတီတိုင်းမ်
မေ ၁ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာစခန်းအနီး လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် ငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းမှ လုံခြုံရေးယူရန်ထွက်လာသည့် အင်အား ၂၀ ပါ စစ်ကောင်စီစစ်ကြောင်းကို CDF-Asho က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၂၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဧပြီ ၃၀ ရက် နံနက် ၈ နာရီတွင် CDF-Asho က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိကြောင်း ထုတ်ပြန်ထားသည်။

နတ်ရေကန်တပ်စခန်း မကျစေရေးအတွက် ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃) မှ စစ်ကောင်စီတပ်သားများ ကားတန်းလုံခြုံရေး ဆောင်ရွက်ရန် လာရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-Asho ကဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA အမျိုးအစား လက်နက်ငယ် ကိုး လက်၊ ကျည်ဘောက်နှင့် ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပဇီဘုန်းကြီးကျောင်းတွင် တပ်မ (၉၉)၊ ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်သည့် ကပစ ၂၊ ၁၀၊ ၁၃၊ ၁၄ တို့မှ အင်အား ၁၃၀ ခန့် တပ်စွဲနေရာယူထားပြီး ကျေးရွာများရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို ထုတ်ယူရောင်းချခြင်းများ လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အပစ်ရပ်ထားသည့်ကာလအတွင်း တိုက်ပွဲရှိရာ‌နေရာများသို့ စစ်ကြောင်းထိုးခြင်းနှင့် အင်အားသစ်ပို့ခြင်း၊ ခံစစ်အင်အားတိုးချဲ့ခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ဓာတ်ပုံ- CDF-Asho
#မကွေး #ငဖဲ #နတ်ရေကန်စခန်း #လုံခြုံရေးယူ #စစ်ကောင်စီတပ် #ကြားဖြတ်တိုက်ခိုက်ခံရ #၉ဦးသေဆုံး #CDF_Asho #Ayeyarwaddy_Times