
ဧရာဝတီတိုင်းမ်
မေ ၁ ရက်
မြန်မာနိုင်ငံတွင် ဖျက်ဆီးမှုများပြားသည့် ပြင်းထန်ငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသည့် အမျိုးသမီး နှင့်မိန်းကလေးငယ်များ အပါအဝင် လူဦးရေ ၆၈၀,၀၀၀ ကို အသက်ကယ်အကူအညီများ ပေးအပ်ရန် ကုလသမဂ္ဂလူဦးရေးရန်ပုံငွေအဖွဲ့ (UNFPA) ၏ ကုလသမဂ္ဂ လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေးအေဂျင်စီက ဒေါ်လာ ၁၂ သန်း အရေးပေါ် လိုအပ်ချက်ကို တောင်းခံထား ကြောင်းသိရသည်။
စစ်ကိုင်ကိုဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၇ဒသမ၇ နှင့် ၆ဒသမ၄ အဆင့်ရှိ ပြင်းထန်ငလျင်များကြောင့် ကျန်းမာရေးဌာနများလည်း ပျက်စီးမှုနှင့် အကာအကွယ်ပေးရေးစနစ်များ ပြိုလဲခဲ့ရသည့်အတွက် မလုံခြုံသည့် ကလေးမွေးဖွားမှုများ၊ ဓမ္မတာလာခြင်းနှင့် သက်ဆိုင်သည့် ကျန်းမာရေးမကောင်းခြင်း နှင့် ကျား/မ အခြေပြုအကြမ်းဖက်မှုများကိုပါ တိုးမြင့်လာစေကြောင်း UNFPA က ထုတ်ပြန်ထားသည်။
“အခုအကျပ်အတည်းကနေ အမျိုးသမီးတွေနဲ့မိန်းကလေးတွေ အပေါ်သက်ရောက်မှုကို ကျွန်ုပ်တို့ အလွန်စိုးရိမ်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ကာကွယ်ရေးကွန်ရက်တွ ပျက်စီးမှုကြောင့် အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်မှုတွေဟာ တိုးမြှင့်လာနေပါတယ်” ဟု UNFPA၏ မြန်မာကိုယ်စားလှယ် Mr. Nadal ကပြောဆိုခဲ့သည်။
UNFPA ၏ အရေးပေါ်လိုအပ်ချက်တောင်းခံမှုသည် ဘေးကင်းသောမွေးဖွားမှုများ၊ မွေးဖွားခြင်း မတိုင်မီနှင့် မွေးဖွားပြီးစောင့်ရှောက်မှုများ၊အရေးကြီးသည့် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုများကို တိုးမြှင့်ရန် အာရုံစိုက်ထား ကြောင်းလည်း သိရသည်။
ထို့ပြင် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအတွက် ဘေးကင်းရာနေရာများ တည်ဆောက်ခြင်း၊ စိတ်ဒဏ်ရာနှင့် စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပံ့ပိုးမှုများ ပေးအပ်ခြင်းတို့ အပါအဝင် ကျား၊မအခြေပြု အကြမ်းဖက်မှုလျှော့ချရေးနှင့် တုံ့ပြန်မှုကိုလည်း ဦးစား ပေးထား ကြောင်းသိရသည်။
UNFPA သည် လက်ရှိတွင် မြေပြင်၌ရှိနေပြီး မိတ်ဖက်ဆက်ဆံရေးများထူထောင်ကာ ထိရောက်စွာ တုံ့ပြန်ရန် အသင့်နေအထားတွင်ရှိနေပြီး ဒေါ်လာ ၁၂ သန်း အရေးပေါ်တောင်းခံမှုမှ ပြန်လည် ထူထောင်ရေး၊ ကာကွယ်ရေးနှင့် ဘေးအန္တရာယ်များလျှော့ချရေး၊ လာမည့် ငါးလတာအတွင်း ထိခိုက် ခံစားခဲ့ရသည့် အသိုင်းအဝိုင်းများကို ကူညီပံ့ပိုးရေးများကို စွမ်းဆောင်နိုင်စေမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#Ayeyarwaddy_Times #UNFPA