
ဧရာဝတီတိုင်းမ်
မေ ၁ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် အမျိုးသမီးလေးသေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် အညာကတင်းကျေးရွာ စာသင်ကျောင်းအနီးကို ယနေ့ မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၂ မိနစ်နှင့် ၁၀ နာရီ ၅၇ မိနစ်တို့တွင် ဗုံးသီးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“စာသင်ကျောင်းကို ဦးတည်ပြီးကြဲချတာ။ ဗုံးမကြဲခင်မှာ လေယာဉ်တစ်စင်းက ကင်းထောက် လှည့်ပတ်နေသေးတယ်။ ကလေးလေးက ဆေးခန်းကို ပို့တဲ့အချိန် လမ်းမှာသေတာ။ ကျန်သုံးယောက် ကတော့ နေရာတင်သေတာ။ အပြင်းအထန် ထိခိုက်တဲ့သူတွေလည်းရှိတယ်”ဟု ဆောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ရာ စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး ဒေါ်မကြည်လေး (၆၅) နှစ်၊ ဒေါ်တင်တင်ခိုင် (၅၂) နှစ်၊ မပြားသာ (၃၈) နှစ်၊ မခွန်းဆက်ချို (၈) နှစ်တို့ သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် အညာကတင်းရွာစာသင် ကျောင်းအနီးကို ဗုံးကြဲချခဲ့ခြင်းဖြစ်သည့်အတွက် စာသင်ကျောင်းအပါအဝင် အိမ် ငါး လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် ယခုရက်ပိုင်း ယောနယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသဖြင့် ဗုံးခိုကျင်းများတူးထားကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
ဓာတ်ပုံ-ပေးပို့
#မကွေး #ဆော #အညာကတင်း #စစ်ကောင်စီ #ဗုံးကြဲ #ကလေးငယ် #အမျိုးသမီး၄ဦး #သေဆုံး #Ayeyarwaddy_Times