ဧရာဝတီတိုင်းမ်
မေ ၁ ရက်

ဖားကန့်-ကာမိုင်းလမ်းကြောပေါ်သို့ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များရှိရာ နန့်ယားကျေးရွာအနီး ခင်တောင်ရွာအနီးထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယနေ့ မေ ၁ ရက် ညနေ ၄ နာရီခန့်က နန့်ယားကျေးရွာအနီး ခင်တောင်ရွာ သို့ရောက်ရှိလာပြီး နောက်ထပ်စစ်ကြောင်းတစ်ခုမှာ အွမ်ကျေးရွာတွင်တပ်စွဲ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

“နန့်ယားထိတော့မရောက်သေးဘူး။ ဒါပေမဲ့ တစ်မိုင်လောက်ပဲကွာတော့တယ်။ ဖားကန့်ကိုဦး တည်ပြီးတော့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးလာတာ” ဟု ဖားကန့်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ် ကိုပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့သည် ကျောက်ထုကျေးရွာအနီးတွင် ထိတွေ့ တိုက်ပွဲများဖြစ် ပွားခဲ့ကြောင်း သိရသည်။

ကာမိုင်းကျေးရွာအကျော် မအူပင်ကျေးရွာရှိ ရေကာတာအနီးတွင်လည်း စစ်ကောင်စီနှင့် KIA တို့ ၅ ရက်ခန့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် နန့်ယားကျေးရွာအနီးထိ ဝင်ရောက်လာခြင်းဖြစ်သည်။

ဖားကန့်ဘက်သို့ စစ်ကောင်စီအင်အား ၅၀၀ နှင့် အင်းတော်ကြီးဒေသဘက်သို့ အင်အား ၅၀၀ သုံးပြီး စစ်ကြောင်းနှစ်ခုဖြင့် အင်အားအလုံးအရင်းသုံးကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ဖားကန့်-ကာမိုင်းလမ်းကြောပေါ်ရှိ မအူပင်၊ ကျောက်ထု၊ အွမ်ကထောင်၊ ခင်တောင်၊ နန့်ယား စသည့်ကျေး ရွာများမှ ဒေသခံအချို့မှာ စစ်ရှောင်နေကြကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၃၀ ရက် ည ၈ နာရီဝန်းကျင်အချိန်ခန့်က အွမ်ကျေးရွာရှိ ဆုတောင်းကုန်းနေရာတွင် စစ်ကောင် စီကတပ်စွဲလိုက်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ယနေ့ညနေပိုင်းတွင် ခင်တောင် ကျေးရွာအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖားကန့်မြို့တွင် တွေ့ရစဉ်(ပုံဟောင်း)

#ဖားကန့် #ဦးတည် #စစ်ကောင်စီ #စစ်ကြောင်းထိုး #Ayeyarwaddy_Times