
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
မန္တလေးမြို့၊ ၈၄ လမ်း၊ ၂၅ နှင့် ၂၆ လမ်းကြားရှိ ငလျင်ဘေးသင့်ပြည်သူ ၈၀၀၀ နီးပါးကို နေ့စဉ် ထမင်းသုံးနပ်လှူဒါန်းနေသော စူရ်တီဗလီသည် ယနေ့ မေလ ၁ ရက်နေ့မှစတင်ကာ ထမင်းဟင်းဝေငှမှု ရပ်နားတော့မည်ဖြစ်ကြောင်းသိရသည်။
စူရ်တီဗလီအတွင်းရှိ နေထိုင်သူများအပါအဝင် ပြည်ပရှိငလျင်ဒုက္ခသည်စခန်းမှ ပြည်သူများကို ထမင်း၊ဟင်းဝေငှမှု အစီအစဉ်ရပ်နားတော့မည်ဖြစ်ကြာင်း ယင်းဗလီကကြေညာသည်။
စူရ်တီဗလီသည် အလှူငွေလက်ခံခြင်းမရှိဘဲ လူမျိုး၊ ဘာသာမရွေး ငလျင်ဘေးသင့်ပြည်သူ ၇၀၀၀ နှင့် ၈၀၀၀ နီးပါးကို နံနက်စာ၊ နေ့လယ်စာနှင့် ညနေစာအထိ ငလျင်လှုပ်ခတ်ပြီးနောက် တစ်လ ကျော် ကြာသည့်အထိ လှူဒါန်းခဲ့သည်။
“ စူရ်တီဗလီက မနက် ၆ နာရီစားရတဲ့ မနက်စာရော၊ နေ့လယ်စာနဲ့ ညစာရော တစ်နေ့သုံးနပ်လှူတယ်။ ငလျင်ဘေးသင့်သူတွေကိုအဓိကထားပေမယ့် မရှိတဲ့သူတွေလည်း လာတန်းစီးပြီးယူကြတယ်။ လူ ၇၀၀၀ နဲ့ ၈၀၀၀ စာလောက်ရှိတော့ချက်ပြုတ်ရသူတွေနေမကောင်းလို့ ဆေးရုံမှာတောင်ဆေးကုရတယ် လို့ကြားတယ်” ဟု မန္တလေးမြို့၊ ၈၅ လမ်းတွင် နေထိုင်သူ မွတ်ဆလင်အမျိုးသားတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
အင်အားပြင်းထန်သောငလျင်လှုပ်ခတ်မှုကြောင့် နှစ်ပေါင်းရာချီရှိသည့် အစ္စလာမ်ဘာသာရေး အဆောက်အဦဗလီများပြိုကျမှုများပြားပြီး ယင်းဗလီအတွင်းဝတ်ပြုသူများနှင့် ဗလီအနီးနေထိုင်သူများ စွာထဲမှ ငလျင်ဘေးသင့်သူနှင့် သေဆုံးသူများရှိကြောင်းသိရသည်။
လက်ရှိတွင် ငလျင်ဘေးသင့်ပြည်သူများကို မွတ်ဆလင်ဘာသာရေးအသိုင်းအဝိုင်းအပါအဝင် လူမှု အသိုင်းအဝိုင်း အားလုံး၏ လှူဒါန်းမှုပိုမိုများပြားပြီး အာဏာသိမ်းစစ်ကောင်စီ၏ ထောက်ပံ့ပေးမှု မရှိကြောင်း ငလျင်ဘေးသင့် ပြည်သူများထံမှ သိရသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အစ္စလာမ် ဘာသာဝင် ၆၇၃ ဦး သေဆုံးကာ ဗလီ ၁၃၆ လုံး ပျက်စီးခဲ့ကြောင်း ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာများတွင်ဖော်ပြထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – မန္တလေးမြို့၊ စူရ်တီဗလီရှေ့တွင်ဧပြီလ နောက်ဆုံးပတ်က ထမင်းနှင့် ဟင်းယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
#မန္တလေး #စူရ်တီဗလီ #ထမင်းဟင်းချက်ပြုတ် #လူ၈၀၀၀ #ငလျင်ဘေးသင့် #Ayeyarwaddy_Times