ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ကို စတုတ္ထအကြိမ်မြောက် လေလံပွဲကျင်းပ၍ ရောင်းချခဲ့ သော်လည်း ဝယ်ယူသူမရှိ၍ ပွဲပျက်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ ကမာရွတ်ခရိုင်တရားရုံး၌ ခြံအမှတ် (၅၄) ကို ယမန်နေ့ ဧပြီ ၂၉ ရက်နေ့က စတုတ္ထအကြိမ်မြောက် လေလံဆွဲရောင်းချခဲ့ရာ လေလံဆွဲဝယ်ယူမည့်သူ မရှိသောကြောင့် ပွဲပျက်ခဲ့ရပြီး လာမည့် မေ ၅ ရက်နေ့တွင် ရုံးချိန်းပြန်လည်ခေါ်ဆိုထားကြောင်း တရားရုံးနှင့်နီးစပ်သူထံမှ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ခြံအမှတ် (၅၄) နေအိမ်ကို ငွေကျပ်သိန်းပေါင်း ၂ဒသမ၇ သန်း မြန်မာကျပ်ငွေ ဘီလီယံ ၂၇၀ ဖြင့် လေလံတင် ရောင်းချခဲ့သော်လည်း လေလံ ဝင်ဆွဲမည့်သူ မရှိကြောင်း သိရသည်။

အဆိုပါအိမ်နှင့်ခြံကို မူလက မြန်မာကျပ်ငွေ ၃၁၅ ဘီလီယံကြမ်းခင်းဈေးနှင့် စတင်ဖွင့်လှစ် လေလံဆွဲရောင်းချခဲ့ခြင်းဖြစ်ပြီး ယခု လေးကြိမ်မြောက်အထိ ဦးအောင်ဆန်းဦးက အကြိမ်ကြိမ် ဈေးလျော့၍ လေလံဆွဲရောင်းချခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ရှိ ခြံနှင့်နေအိမ်ကို ဦးအောင်ဆန်းဦးက တရားရုံးများတွင် အမွေခွဲယူရန် ဦးတိုက်လျှောက်ထားခဲ့ရာ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီ၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ နှစ်ဦးပိုင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သည်။

ဦးအောင်ဆန်းဦးက ခြံနှင့်နေအိမ်ကို ပထမအကြိမ်တွင် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ်တွင် ကျပ် ၃၀၀ ဘီလီယံ၊ တတိယအကြိမ်တွင် ကျပ် ၂၉၇ ဘီလီယံနှင့် ယခုနောက်ဆုံးအကြိမ်တွင် ကျပ် ၂၇၀ ဘီလီယံအထိ ဈေးလျှော့ပြီး အပူတပြင်းရောင်းချရန်ပြင် ဆင်နေခဲ့ခြင်းဖြစ်သည်။

ဦးအောင်ဆန်းဦးအနေဖြင့် ဥပဒေကြောင်းအရ အဆိုပါအမွေဆိုင်ခြံကို လေလံမအောင်မချင်း ကြမ်းခင်း ဈေးအမျိုးမျိုးပြင်၍ အကြိမ်ကြိမ်လေလံပစ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်
ပုံစာ-ခြံအမှတ် (၅၄) အား ဒုတိယအကြိမ် လေလံတင်ရောင်းချစဉ်က တွေ့ရစဉ်။
ပုံစာ-အမေရိကန်သမ္မတ အိုဘားမား ခြံအမှတ် (၅၄) နေအိမ်သို့ လာရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်မှ ကြိုဆိုနေပုံ။
#ဒေါ်အောင်ဆန်းစုကြည် #ဦးအောင်ဆန်းဦး #ခြံအမှတ်၅၄ #စတုတ္ထအကြိမ် #ဈေးလျှော့ရောင်း #Ayeyarwaddy_Times