(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
မေ ၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဒေသခံ ချင်းလူငယ် သုံးဦး တစ်ပတ်ကျော်ကြာထိ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နီးစပ်သူများထံက သိရှိရသည်။

အဆိုပါ လူငယ်သုံးဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ ပလက်ဝမြို့နယ်ကို ပြန်လာကြစဥ် ကလေးမြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ပလက်ဝကို ရန်ကုန်-စစ်တွေ ကားလမ်းနဲ့ ပြန်လာလို့မရတော့ စစ်ကိုင်းဘက်ကနေ ဟားခါးဖြတ်ပြီး ပလက်ဝကို ပြန်ကြတာပါ။ ပြန်ကြတုန်းက ငါးယောက်ပါ။ နှစ်ယောက်ကိုတော့ ပြန်လွှတ်ပေးပါပြီး။ သုံးယောက်က ပြန်မလွှတ်ပေးသေးဘူး” ဟု နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် ပလက်ဝမြို့နယ် မီးလက်ဝအောက်ရွာမှ နေလင်းကျော်၊ ဝက္ကူဝရွာမှ အောင်စွမ်းလင်းနှင့် နိုင်ဆန်းဦး၊ မီးဇာရွာမှ လှိုင်ဝင်းနှင့် ဘချို တို့ဖြစ်သည်။

နေလင်းကျော်နှင့် အောင်စွမ်းလင်းတို့သည် ဧပြီလ ၂၉ ရက်နေ့တွင် ပြန်လွတ်မြောက်လာပြီး ကျန်သည့်သုံးဦးသည် ယနေ့ထိ လွတ်မြောက်လာခြင်းမရှိသလို အဆက်အသွယ်လည်းမရရှိသည့်အတွက် မိသားစုများက စိုးရိမ်နေကြကြောင်း သိရသည်။

“လွတ်လာတဲ့နှစ်ယောက်က ကျန်းမာရေးမကောင်းတဲ့သူတွေပါ။ သူတို့ကို စစ်သားတွေက ဆေးစစ်တယ်လို့ကြားတယ်။ ဆေးအောင်ရင် စစ်တပ်ထဲဝင်ရမယ်လို့ ကြားရတယ်။ အခုထိဘာမှအဆက်အသွယ်မရဘူး။ စစ်တပ်ထဲဝင်ခိုင်းပြီလာပေါ့။ အခုမိဘတွေက အရမ်းစိုးရိမ်နေကြတယ်” ဟု နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်းကလည်း ရန်ကုန်မြို့တွင် ပလက်ဝစစ်ဘေးရှောင် ချင်းလူငယ်နှစ်ဦးသည် စစ်ကောင်စီတပ်၏ အဓမ္မ တပ်သားသစ် စုဆောင်းခြင်းခံရပြီး ရှမ်းပြည်နယ် စစ်သင်တန်းကျောင်းတွင် ချက်ချင်းပို့ဆောင်ခြင်းခံရသည်။

#ရန်ကုန် #ပလက်ဝဒေသခံ #ချင်းလူငယ်၃ဦး #ကလေးဝမြို့တွင်ဖမ်းဆီးခံရ #Ayeyarwaddy_Times