
ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေး တိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် တွင်းငယ်တဝိုက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး မိုးကုတ်ဘက်ခြမ်းအထိပါ တိုက်စစ်ဖော်ဆောင်ထိုးဖောက်ရန် ကြိုး စားနေကြောင်း သိရသည်။
ယနေ့ ဧပြီ ၃၀ ရက် ည ၈ နာရီကျော်အချိန်ခန့်တွင် တအာင်း TNLA တပ်များ ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နယ်ဘက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“သပိတ်ကျင်းနဲ့ တွင်းငယ်ဘက်ကို စစ်အင်အားလည်းပို့တယ်။ လေကြောင်းလည်းတိုက်ခိုက်တယ်။ လက် နက်ကြီးနဲ့တိုင်းပစ်တာတွေလည်း လုပ်နေတယ်။ မိုးကုတ်ကို စစ်ရေးထိုးဖောက်ဖို့ ကြိုးစား နေတယ်ဆိုတာ သိသာနေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ကိုးကန့် MNDAA တပ်များ ထိန်းချုပ်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် အလွယ်တကူရရှိပြီးနောက် TNLA တပ်များထိန်းချုပ်ရာ မိုးကုတ်မြို့ကိုရရှိရေးအတွက် ကကြိုးပမ်းလာခြင်းဖြစ်သည်။
ယနေ့ည မိုးကုတ်သို့ ဗုံးကြဲခဲ့သည့်နေရာကို အသေး စိတ်မသိရသေးဘဲ သစ်ဆိမ့်ကုန်းဘက်သို့ လေကြောင်းမှ ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သပိတ်ကျင်း မြို့နယ်ထဲမှ ရေထွက်ရွာကိုလည်း ပြီးခဲ့သည့် ဧပြီ ၁၉ ရက် ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါ အဝင် ၂၀ ကျော်သေဆုံးကြောင်း သိရသည်။
ထို့အပြင် ဧပြီ ၁၈ ရက်နေ့ကလည်း သပိတ်ကျင်းမြို့ နယ် လိပ်ကျရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၃ ဦးသေဆုံးခဲ့သည်။
စစ်ကောင်စီအနေဖြင့် မန္တလေးတိုင်းအတွင်းရှိ တော် လှန်ရေးတပ်များ ထိန်းချုပ်ရာနေရာများကို ပြန်လည်စိုးမိုးမှုရယူလိုနေပြီး စစ်ရေးမှာ မိုးကုတ်ကိုအဓိကရည်ရွယ်၍ ဦးတည်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက လားရှိုးအပြင် မိုးကုတ်နှင့် ရှမ်းမြောက်ရှိ တောင်ခမ်းတို့ကိုပါ ပြန်လည် ရယူရန်အတွက် အဆိပ်ငွေ့ဗုံးများပါသုံး၍ နေ့စဉ်တိုက်ခိုက်လျက်ရှိကြောင်း TNLA ၏ ထုတ်ပြန်ချက် အရ သိရသည်။
ပုံစာ-မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် PDF အလံလွှင့်ထူခဲ့စဉ် (ပုံဟောင်း)
#စစ်ကောင်စီ #မိုးကုတ် #တိုက်စစ်ထိုးဖောက် #ဗုံးကြဲ #Ayeyarwaddy_Times