ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ဥရောပသမဂ္ဂကောင်စီမှ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများကို ထည့်သွင်းစဉ်းစားကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခု ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့အထိ အရေးယူဒဏ်ခတ်မှု တစ်နှစ်တာထပ်မံ သက်တမ်းတိုးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပိတ်ဆို့အရေးယူမှုအောက်တွင် စာရင်းသွင်းခံရသူများမှာ ဥရောပသမဂ္ဂ(EU)ထံမှ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံရခြင်း၊ EU အဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်းတို့အပြင် အစိုးရကို ပေးမည့် EU၏ ငွေကြေးအကူအညီ နှင့် အခြား အကူ အညီများအားလုံး ရပ်ဆိုင်းခြင်းတို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လက်နက်နှင့်စစ်လက်နက်ပစ္စည်းများကို ပိတ်ဆို့မှု၊ ပြည်တွင်းတွင် ဖိနှိပ်ရေးအတွက် အသုံးပြုနိုင်သည့် စောင့်ကြည့်လေ့လာရေးကိရိယာတင်ပို့မှုများကို ကန့်သတ်ခြင်း၊ စစ်တပ်မှ အသုံးပြုနိုင်‌သည့်ပစ္စည်းများ တင်ပို့မှုတားမြစ်ခြင်း၊ မြန်မာ့တပ်မတော် နှင့် စစ်ရေးလေ့ကျင့်မှု ပူးပေါင်းဆောင်ရွက်မှုများကို တားမြစ်ခြင်းတို့လည်း အရေးယူဒဏ်ခတ်မှုတွင် ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ ဥရောပသမဂ္ဂမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်တပ်၏ လုပ်ဆောင်ချက်များကို အပြင်းထန်ရှုတ်ချကြောင်း ထပ်မံပြောဆိုခဲ့ပြီး အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်ရန် နှင့် မတရားဖမ်းဆီးခံထားရသည့အကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ဦးတည်သည့် နောက်ထပ် အရေးယူဒဏ်ခတ်မှုများကို ချမှတ်ရန် အသင့်ရှိ‌နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ကိုးကား – European Council
#Ayeyarwaddy_Times