ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ဧရာ၀တီတိုင်း ၊ ငါးသိုင်းချောင်းမြို့ရှိ ရေနံသာစစ်ဆေးရေးဂိတ်တွင် ဧပြီလပထမပါတ်မှ စတင်ပြီး စားသောက်ကုန်များ သယ်ယူရာတွင် ကန့်သတ်ထားသောကြောင့် ဒေသခံများအခက်တွေ့နေကြောင်း သိရသည်။

အဆိုပါဒေသအနီးတွင် မတ်လမှစတင်ပြီး အာရက္ခတပ်တော်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရိက္ခာပို့သည်ဟူသောစွပ်စွဲချက်ဖြင့် ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“ဆန်ဆိုလဲ နှစ်ပြည်လောက်ပဲသယ်ခွင့်ရှိတော့တယ် ၊ပိုသယ်လာရင် ဂိတ်မှာ အသိမ်းခံရတယ် ။ စားသောက်ကုန်တွေ ရွာတွေဘက်ကို မရောက်လို့ စား၀တ်နေရေးတွေခက်ခဲကုန်ကြတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ဆေးရေးဂိတ်တွင် စားသောက်ကုန်များအပြင် လူငယ်များကို အဓိကထားစစ်ဆေးနေပြီး ရခိုင်ရိုးမအစပ်ကျေးရွာများသို့ ကုန်ပစ္စည်းပို့ဆောင်သော ဆိုင်ကယ်ကယ်ရီ သမား ငါးဦးထက်မနည်းကို ဖမ်းဆီးထားကြောင်းသိရသည်။

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ ကုန်သယ်ယူခွင့်ကန့်သတ်ခြင်း၊ လုပ်ငန်းရှင်များကို ထောက်ပံ့သည်ဟု စွပ်စွဲကာဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

#ရေနံသာစစ်ဆေးရေးဂိတ် #စားသောက်ကုန်များ #သယ်ယူခွင့်ကန့်သတ်ထားသောကြောင့် #ဒေသခံများအခက်တွေ့
#Ayeyarwaddy_Times