(ဖလမ်း)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းတစ်ကျောင်း အပါအဝင် အဆောက်အဦး ၁၅ လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

ဝေဘူလမြို့ကို စစ်ကောင်စီတပ်က ဧပြီလ ၂၇ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားပြီး အရပ်သားနှင့် အဆောက်အဦးတို့ ထိခိုက်ပျက်စီးသွားခြင်းဖြစ်သည်။

“မြို့ထဲ ဘုရားကျောင်း အနီးတစ်ဝိုက်ကို ဗုံးကြဲသွားပါတယ်။ အရပ်သားသေဆုံးမှုမရှိပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူတွေ ခြောက်ယောက်လောက်ရှိတယ်။ ပြင်းထန်ဒဏ်ရာရတာလည်းပါတယ်။ ဘုရားကျောင်းနဲ့ အနီးအနားက အိမ်တွေ၊ အဆောက်အဦးတွေပါ ပျက်စီးသွားတယ်” ဟု ဝေဘူလမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းထားပြီး ဆေးကုသမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က နောက်ထပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်မည်ကို စိုးရိမ်နေကြသည့်အတွက် မြို့ခံအချို့သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

“ကလေးတောင်ပိုင်းမှာ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်။ လေကြောင်းတွေကလည်း တိုက်ခိုက်နေတယ်။ အဲနယ်မြေတွေနဲ့တဆက်တည်းနေတဲ့အတွက် ဝေဘူလမြို့ဘက်လည်း စစ်ကောင်စီက အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုတွေရှိလာနိုင်တယ်။ ဒါကြောင့် တိမ်းရှောင်သူတွေလည်း တိမ်းရှောင်နေကြတယ်” ဟု ဝေဘူလမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်အစပ် ကလေးမြို့နယ် တောင်ပိုင်းတွင် ချင်းကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေသည်အတွက် စစ်ကောင်စီတပ်သည် အရပ်သားများနေထိုင်သည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

#ဝေဘူလမြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အရပ်သား၆ဦးဒဏ်ရာရ #ဘုရားကျောင်း #အဆောက်အဦး၁၅လုံးပျက်စီး #Ayeyarwaddy_Times