နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ငလျင်ဒဏ်သင့် ပြည်သူများ နေစရာအိမ် မရှိသေးသဖြင့် မိုးကျ လာမည်ကို စိုးရိမ်ပူပန်နေပြီး ယခုရက်အတွင်း မိုးသက်လေပြင်းကျ၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံနှင့် ကူညီပေးနေသူတို့ထံက သိရသည်။

ရစ်ချ်တာ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း စစ်ကိုင်း ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့သည့် ရှမ်းတောင်တွင် ဧပြီ ၂၇ ရက်မှစတင်၍ မိုးရွာသွန်းကာ လေပြင်းတိုက်သဖြင့် အင်းလေးအပါအဝင် ညောင်ရွှေ၊ အောင်ပန်း၊ ဟိုပုံးမြို့တို့တွင် ယာယီနေထိုင်ရာနှင့် နေအိမ်များ ရေစိုအမိုးလှန် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“လတ်တလောကတော့ စားဖို့ရိက္ခာလေးက လအနည်းငယ်စာရှိနေတော့ လိုအပ်ချက်က နေစရာအိမ် မရှိသေးတာပဲ။ ဆုံးရှုံး‌မှုက တစ်ပူပေါ်နှစ်ပူဆင့်‌ဆိုသလို စိုးရိမ်ပူပန်မှုကြားထဲမှာ လူးလိမ့်နေရတုန်းပါပဲ” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့် ဒေသခံများသည် နေအိမ်ပြန်ဆောက်နိုင်ရန် အခက်အခဲများရှိနေပြီး အင်းလေးအပါအဝင် ညောင်ရွှေ၊ နန်းပန်တို့တွင် ဝါးဈေးနှုန်းများ အဆမတန် တက်လာသလို ပင်လောင်း မြို့တွင်လည်း သဲဈေးနှုန်းမြင့်တက်လာကြောင်း ဒေသခံများထံက သိရသည်။

“သူတို့အတွက် အိမ်လေးတစ်လုံးက အဓိကဘဲ။ အိမ်လေးတစ်လုံးမရခင် ရေတတ်လာတာ၊ မိုးရေယိုတာ မဖြစ်ဖို့ နေစရာတွေကို ပြောင်းရွှေ့နေထိုင်ဖို့ လိုအပ်တယ်” ဟု ရှမ်းတောင်ဒေသတွင်း ကူညီနေသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများလည်း လိုအပ်နေပြီး လာရောက်ကူညီ လှူဒါန်းသူများအနေဖြင့် ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေ၊ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်း ပေးနိုင်ရန် သတိပြုစေလိုကြောင်း ၎င်းက အကြုံပြုပြောကြားသည်။

ရှမ်းတောင်တွင် ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြီးကြောင့် ဟိုပုံး၊ ဆီဆိုင်၊ အင်းလေးအပါအဝင် ညောင်ရွှေ၊ မောက်မယ်၊ တောင်ကြီး၊ ပင်လောင်း၊ အောင်ပန်းနှင့် ကလောမြို့တို့၌ ထိခိုက်သေဆုံး ပျက်စီးပြိုကျမှု များခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ထံမှ သိရသည်။

ပုံစာ-ရှမ်းတောင်တွင် ဧပြီ ၂၇ ရက်မှစတင်၍ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်နေစဉ်။

#ရှမ်းတောင် #ငလျင်ဒဏ်သင့်ပြည်သူများ #နေစရာအိမ်မရှိ #မိုးကျ #စိုးရိမ်ပူပန် #Ayeyarwaddy_Times