
(ကလေး)၊ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ပျူရွာနှင့် စခန်းများကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီထံက သိရသည်။
တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ထားသည့် ကလေးမြို့နယ်တောင်ပိုင်း မကွေးတိုင်းအစပ် ပျူစောထီးအားကောင်းသည့် ဟံသာဝတီရွာ၊ ကြံသာရွာ စသည့်ကျေးရွာများကို စစ်ကောင်စီတပ်က ဧပြီ ၂၅ ရက်နေ့မှစ၍ အင်အား ၃၀၀ ခန့်နှင့် စစ်ကြောင်း နှစ်ကြောင်း ဖြန့်ကာထိုးစစ်ဆင်နေခြင်းဖြစ်သည်။
“ကလေး – ဂန့်ဂေါ ကားလမ်းမကို စကစ ပြန်လည်ထိန်းချုပ်ချင်တာဖြစ်တယ်။ အဲနေရာတွေက ပျူစောထီး အားကောင်းတဲ့နေရာတွေလည်းဖြစ်တယ်။ စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲအတွက် အဲနေရာမှာ ကျင်းပဖို့ မျော်မှန်းထားတာပါ။ အဲနေရာမှာ လူဦးရေ သုံးသောင်းကျော်နေထိုင်ပါတယ်။ ဒါကြောင့် စကစ ထိုးစစ်ဆင်တာဖြစ်တယ်”ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး သေနတ် ရှစ်လက်အပါအဝင် တခြားဆက်စပ်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးထက်မနည်း သေဆုံးကာ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ သွားကြည့်တဲ့ခါ စကစ အလောင်း ၂၀ တွေ့တယ်။ သေနတ် ရှစ်လက် ကောက်ရတယ်။ တခြားဆက်စပ် ခဲယမ်းတွေလည်းရတယ်။ အခုလည်း သေနတ် တစ်လက်စ၊ နှစ်လက်စ ကောက်ရတာတွေရှိတယ်။ တိုက်ပွဲဖြစ်တုန်းကဆို စကစက လေကြောင်းကနေ တိုက်ခိုက်တယ်။ အရပ်သားတွေနေတဲ့နေရာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်တယ်။ အရပ်သား လေးယောက်လောက်က သေဆုံးတယ်လို့ကြားတယ်။ ဒဏ်ရာရတဲ့သူတွေများတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ မနက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်သွားသည့်အတွက် တိုက်ပွဲငြိမ်သက်သွားပြီး ယမန်နေ့ ဧပြီ ၂၉ ရက်နေ့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA )အပါအဝင် VAKOK – PDF ၊ KKG – CDF ၊ ကလေးခရိုင် တပ်ရင်း ၄ ၊ ကလေး ပကဖ နှင့် ကလေးတောင်ပိုင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
#ကလေးမြို့နယ်တောင်ပိုင်း #ပျူရွာနှင့်စခန်းများ #စစ်ကောင်စီ #ထိုးစစ်ဆင်လာသည့်အတွက် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times