နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ငွေကျပ် ၅ ဒသမ ၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်) ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ထောက်ပံ့မှုလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်နေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံမှ သိရသည်။

စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ရှမ်းပြည်တောင်ပိုင်းဒေသများရှိ ငလျင်ဘေးဒဏ်ခံရသော ပြည်သူများကို ထိုကဲ့သို့ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က နိုင်ငံတကာသို့ ယနေ့ဧပြီ ၂၉ ရက်တွင် အသိပေးပြောကြားသည်။

“ဒီငလျင်ကြီးနဲ့ ပက်သက်ပြီး NUG ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ငလျင်ဒဏ်ခံရတဲ့လူတွေ ဘယ်နေရာမှာပဲနေနေ အကူအညီလိုတဲ့ လူအားလုံးအတွက် အတတ်နိုင်ဆုံး ထိထိရောက်ရောက်နဲ့ ချက်ချင်းကူညီ ဆောင်ရွက်ဖို့ဘဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်က အင်အားပြင်းထန် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေသဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့သလို ပြည်သူသန်းပေါင်းများ စွာလည်း ဒုက္ခရောက်နေရကြောင်း သိရသည်။

အဆိုပါအင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် NUG အစိုးရက လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ကနဦးအကူအညီအတွက် အမေရိကန် ဒေါ်လာတစ်သန်း အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့အပြင် လူသားချင်းစာနာမှုအတွက် ငလျင်သင့်ဒေသများတွင် ထိုးစစ်များ ယာယီရပ်ဆိုင်းခဲ့ပြီး မြန်မာနိုင်ငံ မြေငလျင်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အစီအစဉ် (MERRP)ကို ပြင်ဆင်၍ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အကူအညီပေးရေး လုပ်ငန်းတွေကို ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရား၊ ကာကွယ်ရေး ယန္တရားတွေဟာ CDM ဝန်ထမ်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ကိုင် ဆောင် ရွက်နေပါတယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆိုသည်။

ယင်းအပြင် ငလျင်ဘေးနှင့် သက်ဆိုင်သည့် category တစ်ခုကိုလည်း NUG website တွင် အချိန်နှင့်တပြေးညီ တင်ပြပေးထားသလို တချိန်တည်း၌ပင် စစ်ကောင်စီသည် ငလျင်ဒဏ်သင့် ပြည်သူ လူထု ကို ကူညီရန် ပျက်ကွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီသည် လူသားချင်းစာနာမှု အထောက်အကူများပေးသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများကို အနှောင့်အယှက်ပေးကာ အကူအညီများအား တားဆီးပိတ်ပင်နေသည့် သက်သေသာဓကများရှိကြောင်း NUG ထံမှ သိရသည်။

#ငလျင်ဒဏ်သင့်ပြည်သူများ #ငွေကျပ်၅ဒသမ၆ဘီလီယံ #ကူညီထောက်ပံ့ #NUG #Ayeyarwaddy_Times