ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရဲစခန်းအနီးရှိ ရွှေဇာမဏီရွှေဆိုင်ကို ယူနီဖောင်း ဝတ်ဆင်ထားသည် လူတစ်စုက ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။

အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြား ၅၅ လမ်းပေါ်ရှိ ရွှေဆိုင်ကို ယမန်နေ့ ဧပြီ ၂၈ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က ယူနီဖောင်းဝတ်ဆင်ထားသူ နှစ်ဦးအပါအဝင် အမျိုးသား ငါး ဦးကဓားပြဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီရွှေဆိုင်က ရဲစခန်းနဲ့ မနီးမဝေးမှာရှိတာ။ အဲဒီရပ်ကွက် ပျူစောထီးနဲ့ စစ်တပ်က ကြီးစိုးနေတာ။ တော်ရုံတန်ရုံ လူစိမ်းဝင်လို့မရဘူး”ဟု မန္တလေးမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲမှတ်တမ်းများအရ ရွှေဆိုင်အတွင်းသို့ အမည်မသိအမျိုးသား ငါး ဦး ပြောက်ကျားဝတ်နှစ်ဦး၊ အရပ်ဝတ်သုံးဦးတို့သည် Honda Inside အမဲရောင်ဖြင့် ရောက်ရှိလာပြီး သေနတ်နှစ်လက်ပြကာ ခြိမ်းခြောက်ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

ဓားပြတိုက်ခံရမှုတွင် ရွှေ ၂၃ ကျပ်သားနှင့် iPhone 11 အစိမ်းရောင်တို့ပါရှိသွားပြီး ကာလတန်ဖိုးငွေ သိန်း ၁၆၀၀ နီးပါးဆုံးရှုံးသွားကြောင်း စစ်ကောင်စီလုံခြုံ ရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ယခု ရွှေဇာမဏိရွှေဆိုင် ဓားပြတိုက်ခံရမှုတွင် ကျူး လွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

မန္တလေးမြို့တွင် ရွှေဆိုင်များမကြာခဏ ဓားပြတိုက်ခံနေရပြီး ပြန်လည်ဖမ်းဆီးရမိသူများမှာလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ပျူစောထီးများက ကျူးလွန်သည့်အမှု အများဆုံးဖြစ် ကြောင်း သိရသည်။

ပုံစာ-ဓားပြတိုက်ခံခဲ့ရသော အောင်ပင်လယ်ရှိ ရွှေဇာမဏိ ရွှေဆိုင်။

#မန္တလေး #ရဲစခန်းအနီး #ရွှေဇာမဏီ #ရွှေဆိုင် #ဓားပြအတိုက်ခံရ #Ayeyarwaddy_Times