
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဧပြီ ၂၉ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ငမိုးရိပ်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈ဝ၂၊ တပ်ခွဲ-၅ ထံက သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ သရော်ကုန်းကျေးရွာမှ အင်အား ၇၀ ကျော် ဝန်းကျင်ဖြင့် ငမိုးရိပ်ကျေးကျေးရွာဘက်သို့ လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် နှစ် နာရီ ဝန်းကျင်အတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်းသိရသည်။
“တိုက်ပွဲမှာ သူတို့(စစ်ကောင်စီ)ဘက်က ထိတာများတော့ အလံဖြူထောင်မယ်လို့ ကျွန်တော်တို့ ရဲဘော်တွေဆီ ဆက်သွယ်တာရှိတယ်။ အဲ့တာကြောင့် လေယာဉ်ပစ်ကူကလည်းလာခဲ့တယ်။ တိုက်ပွဲပြီး တော့ နယ်မြေရှင်းလင်းရေးပြန်လာလုပ်တော့မှ အလောင်း ၁၀ လောင်းရတယ်။ နောက်ပြီး ထိခိုက်မှုများ မယ်လို့ထင်ရတယ်။ မြေကြီးမှာ လူကိုဆွဲပြီး ပြန်ဆုတ်သွားတဲ့အရာတွေ တွေ့ရတယ်” ဟု မင်းလှ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက Mi-35 ရဟတ်ယာဥ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး စစ်ကောင်စီထံမှ အလောင်း ၁၀ လောင်း၊ သေနတ် ၁၁ လက်၊ ၆၀-မမ လက်နက်ကြီး ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အဆိုပါနေ့တွင်ပင် မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းမှ ထွက်ပြေးလာသည်ဟုယူဆရသည့် စစ်မှုထမ်း အပတ်စဉ်(၈) သင်တန်းဆင်း တပ်သား တစ်ဦးကို သေနတ် တစ် လက်အပါအဝင် စစ်သုံးပစ္စည်းများနှင့်အတူ သာယာဝတီခရိုင် တပ်ရင်း-၃၈ဝ၂၊ တပ်ခွဲ-၄ နှင့် တပ်ခွဲ-၅ မှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် မင်းလှမြို့နယ်ကို အင်အား ၅၀၀ ဝန်းကျင်နီးပါးဖြင့် ဖြန့်ကျက်ကာ စစ်ကြောင်းထိုး နေခြင်းဖြစ်ပြီး တပ်မ-၆၆၊ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ခမရ-၆ တပ်ရင်း၊ ခလရ-၁၊ ခလရ-၃၅ တပ်ရင်း စသည့် တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲကို သာယာဝတီခရိုင် တပ်ရင်း-၃၈ဝ၁ တပ်ခွဲ-၆၊ သာယာဝတီခရိုင် တပ်ရင်း-၃၈ဝ၂ လက်အောက်ခံ တပ်ခွဲ-၁၊ တပ်ခွဲ၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅၊ တပ်ခွဲ-၆၊ သာယာဝတီခရိုင် တပ်ရင်း-၃၈၀၃ နှင့် ပဲခူးခရိုင် တပ်ရင်း-၃၇ဝ၁ တပ်ခွဲ- ၅ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#မင်းလှ #စစ်ကောင်စီ #တိုက်ပွဲ #စစ်ကြောင်းထိုး #သေဆုံး #PDF #Ayeyarwaddy_Times