(အိန္ဒိယ)၊ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားအနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန်အပါအဝင် လိုက်နာရန်အချက်များကို ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ) က ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံသည် ဒုက္ခသည် ကွန်ဗင်းရှင်း (၁၉၅၁ ခုနှစ်)ကို လက်မှတ်ထိုးထားခြင်း မရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်ပြုထားသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့်လည်း အိန္ဒိယနိုင်ငံက အဖွဲ့အစည်းနှင့် အစိုးရအာဏာပိုင်တို့ကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းများတွင် လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြရန် CRC က တိုက်တွန်းထားသည်။

မြန်မာ – အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများထံမှ တရားမဝင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုအများဆုံးဖြစ်ပြီး ယခုဧပြီလတွင် မြန်မာနိုင်ငံသား ၅၀ နီးပါးသည် မူးယစ်ဆေးဝါးမှုဖြင့် မီဇိုရမ်တွင် ဖမ်းဆီးခံထားရသည်။

“မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပြီဆိုတာနဲ့ မြန်မာနိုင်ငံဘက်က သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေပဲဖြစ်နေတယ်။ ဖမ်းဆီးရမိတဲ့ တရားခံတွေကလည်း မြန်မာတွေချည်းဖြစ်တယ်။ မီဇိုရမ်မှာ မူးယစ်ဆေးသုံးစွဲသူ များပြားပေမဲ့ ဒေသခံတွေ၊ အဖွဲ့အစည်းတွေ၊ အာဏာပိုင်အဖွဲ့တွေက လုံးဝ မကြိုက်ဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ကြတယ်။ တချို့တွေက စစ်ဘေးရှောင်တွေကို ခုတုံးလုပ်ပြီး တရားမဝင် မူးယစ်ဆေးဝါးတွေ ရောင်းချနေကြတယ်။ ဒီလိုအခြေအနေမျိုးမှာ CRC က အခုလို ထုတ်ပြန်လိုက်တာဖြစ်မယ်” ဟု ဇိုခေါထာရ်ကျေးရွာရှိ မြန်မာစစ်ဘေးရှောင်တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အိန္ဒိယ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၊လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် စည်းကမ်းများလိုက်နာကြရန်နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန် CRC က တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ နေထိုင်လျက်ရှိသည့် ပတ်ဝန်းကျင်ဒေသခံများနှင့် လိုက်လျောညီထွေစွာ ပေါင်းသင်းကြရန်၊ မြန်မာနိုင်ငံသား၊ လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ ကွန်မြူနတီ အသီးသီးကို ၎င်းအချက်များလိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် ဖြန့်ဝေပေးစေလိုသည်ဟု CRC က အသိပေးထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်ဘေးလုံခြုံစေရန် အိန္ဒိယနိုင်ငံ နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလဲန်း စသည့်နေရာများတွင် မြန်မာနိုင်ငံသား သောင်းနှင့်ချီ ခိုလှုံနေထိုင်လျက်ရှိသည်။

လက်ရှိ အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကတ်ရှမီးယားဒေသတို့တွင် ဧပြီ ၂၂ ရက်နေ့ကဖြစ်ပွားသည့် ခရီးသွားပြည်သူ ၂၆ ဦး တိုက်ခိုက်သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခဖြစ်ပွားမှု အရှိန်မြင့်တက်နေသည့် ကာလလည်းဖြစ်သည်။

#အိန္ဒိယနိုင်ငံ #မြန်မာနိုင်ငံသားများ #မူးယစ်ဆေးဝါး #ရောင်းဝယ်ခြင်းမပြုလုပ်ရန် #ချင်းဒုက္ခသည်ကော်မတီ #ထုတ်ပြန် #Ayeyarwaddy_Times