ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ရှေးဟောင်းစာရင်းဝင်အဆောက်အအုံ၊ ဘုရားနှင့် စေတီပုထိုး ၁၅၀၀ ကျော်ပျက်စီးကြောင်း စစ်ကောင်စီ၏ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရှေး/သု) ထံမှ သိရသည်။

မန္တလေး၊ ပလိပ်၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မိုင်းမော၊ မက္ခရာ၊ မြင်းစိုင်း ယာဉ်ကျေးမှု နယ်မြေတွင် ငလျင်ကြောင့်ပျက်စီးရှုံးရသည့်အဆေက်အအုံ၊ ဘုရား၊ စေတီ၊ ပုထိုး ၁၅၂၈ ဆူရှိပြီး ပျက်စီးသောရှေးဟောင်း အဆောက်အအုံများကို အသစ်ပြန်လည်တည်ဆောက်ရန်နှင့် လက်ရှိအတိုင်း ထိန်းသိမ်းထားရန် နှစ်ပိုင်းသတ်မှတ်ထားကြောင်း ယင်းဌာနထံမှ သိရသည်။

ငလျင်လှုပ်ပြီးနောက်တွင် မဟာမြတ်မုနိ(ဘုရားကြီး)၊ စန္ဒာမုနိဘုရား၊ မယ်နုအုတ်ကျောင်း၊ ဆွမ်းဦးပုည ရှင်၊ မြသိန်းတန်စေတီများပျက်စီးခဲ့ပြီး အင်းဝဒေသတွင် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက် အအုံ ၆၀၀ ပျက်စီးရကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ UNESCO ရရှိရေးကြိုးစားရာတွင် ပါဝင်သူ ဒီဇိုင်းမျိုးဆွေသန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရှေး/သုသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် လတ်တလော ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ဗွီဒီယို မှတ်တမ်းများရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေး ပန်းချီများ ထိခိုက်မှု ရှိ မရှိ စစ်ဆေးခြင်း၊ အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများကို နယ်မြေများအလိုက် အဖွဲ့များဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငလျင်ကြောင့်ပျက်စီးသွားရသည့် ယဉ်ကျေးမှုအဆောက်အအုံများသည် အနည်းဆုံး နှစ် ၁၀၀ သက်တမ်းရှိရမည်ဖြစ်ပြီး အနုပညာလက်ရာတန်ဖိုး၊ ရှေးဟောင်းသုတေသနဆိုင်ရာ တန်ဖိုး သတ်မှတ်ချက် များပါရမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် လက်ရှိငလျင်ဒဏ်ခံရ၍ ပျက်စီးခဲ့သော ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး အချို့သည် ယခုရှေးဟောင်းစာရင်းဝင်အဖြစ်သက်မှတ်ထားသည့် အပျက်စီးစာရင်းများတွင် မပါဝင်ကြောင်းသိရသည်။

ဓာတ်ပုံ – မျိုးဆွေသန်း Facebook
#ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် #ပျက်စီး #၁၅၀၀ကျော် #မန္တလေး #အင်းဝ #ယဉ်ကျေးမှုနယ်မြေ #Ayeyarwaddy_Times