
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှ ဗုံးကြဲရန်တက်လာသည့် စက်တပ်လေထီး ပါရာမော်တာတစ်စင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ကျသွားကြောင်း သိရသည်။
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ ဗုံးကြဲရန်တက်လာသည့် ပါရာမော်တာတစ်စင်းသည် ယမန်နေ့ ဧပြီ ၂၈ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့၏ တောင်ဘက်ပိုင်းသို့ လေနှင့်လွင့်ပါပြီး ပျက်ကျသွားကြောင်း ဒေသတော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် တပ်မ (၁၀၁) မှ တက်လာသည့် ဂျိုင်ရိုကော်ပတာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ရာ စက်ချို့ယွင်းပြီး ပျက်ကျလာ၍ အဆိုပါ ဂျိုင်ရိုကော်ပတာကို တော်လှန် ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုမူ ဖမ်းမိနိုင်ခြင်းမရှိဘဲ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာသဖြင့် အဆိုပါယာဉ်ကို မီးရှို့ဖျက်ဆီး လိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။
စစ်ကိုင်းကင်းထောက်တပ်ဖွဲ့တစ်ခုသည် ယမန်နေ့က ပျက်ကျခဲ့သည့် ပါရာမော်တာကို လူနှင့်အတူ ဖမ်းဆီးရမိထားကြောင်း ဖော်ပြထားသည်။
ယမန်နေ့ညက လေပြင်းကြောင့် ဗုံးကြဲရန်တက်လာသည့် ပါရာမော်တာမှာ ဗုံးမကြဲရသေးခင် လေနှင့်အတူ ချင်းတွင်းမြစ် ကြောင်းအတိုင်း မျောပါသွားခြင်းဖြစ်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီက ယခုနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းနေရာအနှံ့ကို ပါရာမော်တာများ အသုံးပြု၍ ဆက်တိုက်ဗုံးကြဲနေပြီး ယခုအခါ ပေါ့ပါးသည့် ဂျိုင်ရိုကော်ပတာများကိုပါ စမ်းသပ်အသုံးပြု လာကြောင်း တွေ့ရသည်။
ပုံစာ -ပျက်ကျခဲ့သည့် ပါရာမော်တာ
#စစ်ကိုင်း #စက်တပ်လေထီး #ပါရာမော်တာ #ပျက်ကျ #ဂျိုင်ရိုကော်ပတာ #တော်လှန်ရေးတပ်ဖွဲ့ #ပစ်ချ #Ayeyarwaddy_Times