ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၉ ရက်

တနင်္သာရီ တိုင်း ၊ သရက်ချောင်း မြို့နယ်အတွင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ၍ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သရက်ချောင်း မြို့နယ်အတွင်းရှိ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း ၊ချောက်ချောင်းရွာများဘက်သို့ ယနေ့ ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှာမရှိဘဲနဲ့ ဗုံးလာကြဲသွားတယ်။ အိမ်တစ်လုံးပျက်စီးသွားတယ်။ ဗုံးက အားလုံးပေါင်း လေးလုံးကြဲချသွားတယ်။ ကျောက်ခမောက် ရွာရဲ့ ခန်းမအပြင်ဘက်မှာ နှစ်လုံးကျတယ်။ ကျောက်ခမောက် ရွာနဲ့ကျွဲမင်းကုန်းရွာလမ်းထိပ် မှာတစ်လုံးကျတယ်။ ကားလမ်း ဘက်မှာက တစ်လုံးကျတယ်။ လေယာဥ်ပေါ်ကနေ စက်ကလေး နဲ့ လည်းပစ်သွားသေးတယ်”ဟု သရက်ချောင်းမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် မှုကြောင့် ကျောက်ခမောက်ရွာက ဒေါ်မီးကန်း အသက် ၅၀ အရွယ် နှင့် သမီးဖြစ်သူ မဝင်းစန္ဒာထွေးအသက် ၁၈ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကတွဲ ရွာရှိ အသက် (၄၀) အရွယ် ဦးအောင်အောင်မှာ သေဆုံးသွားကြောင်းသိရသည်။

“သေသွားတဲ့ ဦးအောင်အောင်က ကတွဲရွာ ကပါ။ စစ်ဘေးရှောင်တွေကို လာရောက် ပို့ဆောင် ပေးပြီးအပြန် ကျောက်ခမောက် လမ်းထိပ်ဆိုင်မှာ ကလေးတွေအတွက် မုန့်ဝယ်နေတုန်း ဗုံးကြဲခံရပြီး သေသွားတယ်။ ဒေါ်မီးကန်း တို့သားအမိက ရွာရဲ့ ရပ်ကျေးဆေးခန်း တစ်ခုမှာ ဆေးကုသမှု ခံယူနေကြတယ်။ ဒေါ်မီးကန်းက ဒဏ်ရာပြင်းထန်တော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်”ဟု သရက်ချောင်း မြို့ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့သည် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကစတင်ပြီး ဝင်းဝနယ်မြေရဲစခန်း ကို ပစ်ခတ်တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီသည် ဧပြီ ၁၉ နှင့် ၂၁ ရက် နေ့တို့ တွင် သရက်ချောင်းမြို့နယ်အတွင်းကျေးရွာများသို့ လေယာဥ် ဖြင့် ငါးကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ ၊ ဧရာဝတီတိုင်းမ်
ပုံစာ ၊ ဒီကနေ့ မွန်း လွဲပိုင်းက သရက်ချောင်း မြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကိုတွေ့ရစဥ်။
#သရက်ချောင်းမြို့နယ် #စစ်ကောင်စီတပ် #လေကြောင်းဖြင့်ဗုံးကြဲ #၁ဦးသေဆုံး #၂ဦးဒဏ်ရာရ #Ayeyarwaddy_Times