(ကလေး)၊ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စံပြရပ်ကွက်တွင် နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်၍ မီးသင်္ဂြိုလ်ပြီးသည့် အရိုးစုများကို မိသားစုထံ ပြန်ပေးခဲ့ကြောင့် ဒေသခံများထံက စုံစမ်းသိရှိရသည်။

စံပြရပ်ကွက်တွင် နေထိုင်သော အသက် (၂၉) နှစ်အရွယ် ချင်းအမျိုးသား Salai Nangtawng သည် ဧပြီ ၂၄ ရက်က သဇင်ရပ်ကွက်မှ နေအိမ်သို့ပြန်လာစဥ် လမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“သဇင်ရပ်ကွက်မှာ သူ့အစ်မဆီ သွားလည်ပြီး ပြန်လာခါ အိမ်ပြန်မရောက်ဘဲ လမ်းမှာ ပျောက်ဆုံးသွားတာဖြစ်တယ်။အဲည အားလုံးက ဝိုင်းရှာကြပေမယ့် မတွေ့ဘဲ စစ်ကောင်စီက ဖမ်းဆီးသွားတာပါ” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျောက်ဆုံးသွားသည့် Salai Nangtawng ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်၍ မီးသင်္ဂြိုလ်ပြီးသည့် အရိုးစုများကို ဧပြီ ၂၆ ရက်တွင် မိသားစုဝင်ထံ စစ်ကောင်စီတပ်မှ ပြန်ပေးခဲ့ကြောင်းသိရသည်။

“စစ်သားတွေက မိသားစုဆီ မီးသဂြိုလ်ပြီးတဲ့ အရိုးပြာတွေ၊ အရိုးစုတွေ ထည့်ထားတဲ့ အိုးနဲ့ အပ်တယ်။ အဲဒါမှပဲ မိသားစုဝင်တွေက စစ်သားတွေ ဖမ်းဆီးသတ်ဖြတ်သွားတယ်ဆိုတာ သိရတာပါ” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

Salai Nangtawng သည် မိဘနှင့်အတူ ကလေးမြို့ စံပြရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ စျာပနာကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ညနေပိုင်းတွင် ခရစ်ယာန် ထုံးတမ်းနှင့်အညီ သဂြိုလ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်မှ လူငယ်များကို စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်တောင်းခံခြင်းနှင့် ငွေကြေးမတတ်နိုင်သူများကို စစ်သင်တန်းသို့ ချက်ချင်းပို့ဆောင်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။

#ကလေးမြို့ #ချင်းအမျိုးသားတစ်ဦး #သတ်ဖြတ်ခံရ #မီးသဂြိုလ်ပြီးသည့်အရိုးပြာ #မိသားစုထံပြန်ပေး #Ayeyarwaddy_Times