
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရန်ကုန် − ထားဝယ်ကားလမ်းပေါ်တွင်ရှိသည့် မောင်မယ်မယ်ရှောင် ကျေးရွာမှ ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များကသိမ်းပိုက်ရရှိခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါဝင် ငါးဦးသေဆုံးခဲ့ကာ လက်နက်မျိုးစုံ ၁၉ လက်ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင် ရွာတွင် အင်အား ၃၀ ခန့်ဖြင့် ၈ လတာ တပ်စွဲနေထိုင်ခဲ့သည့် ဒေသအရပ်အခေါ် ဟားလီးကွေ့စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက် နံနက် ၆ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“အဲဒီစခန်းသိမ်း တိုက်ပွဲက အချိန် ၅ နာရီပဲကြာတယ်။ ဗိုလ်ကြီးကိုတော့ သူ့တပည့်က ပဲသေနတ်နဲ့ပစ်သတ်လိုက်တယ်။ ပြီး မှ ကျန် တဲ့ ၁၆ ယောက် က တော်လှန်ရေးပူးပေါင်းတပ်တွေဆီမှာအလံဖြူထောင်ပြီး လက်နက်ချအညံ့ခံခဲ့တယ်။ကျန်တဲ့ကောင်တွေကထွက်ပြေးလွတ်မြောက်သွားတယ်”လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းပစ်ကူများ ပေးသော်လည်း နောက်ဆုံးတွင် ဟားလီးကွေ့စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ မှအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲ မှ MA1 ကိုးလက် ၊MA2 တစ်လက် ၊ MA3 ခြောက်လက် ၊MA4 တစ်လက် ၊ MA11 တစ်လက် ၊ BA 100 တစ်လက် နှင့် ခဲယမ်းများစွာသိမ်းဆည်းရမိကြောင်းသိရသည်။
အဆိုပါ ဟားလီးကွေ့စခန်းကို KNLAတပ်မဟာ (၄)တပ်ရင်း(၁၂) တပ်ခွဲ (၅) ၊ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ် (DNLA) ဒူရက စစ်ကြောင်း ၊ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဥသြစစ်ကြောင်း၊DGRF ၊TPLF၊ဒေါနတပ်ခွဲ (၇) ၊SKy Ghost Drone Force၊ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
KNU တပ်မဟာ(၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီ ၁၉ရက်ကလည်း မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထီးထာ စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။
ဓာတ်ပုံ ၊ ဒူရက စစ်ကြောင်း
ပုံစာ ၊စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ ၊စစ်သုံ့ပန်းများ နှင့် အောင်ပွဲမှပြန်လာသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကိုပြည်သူများက ကြိုဆိုနေကြစဥ်။
#ဟားလီးကွေ့တပ်စခန်း #စစ်ကောင်စီတပ် #အရာရှိပါဝင်၅ ဦးသေဆုံး #၁၆ဦးလက်နက်ချ #Ayeyarwaddy_Times