ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဧပြီ ၂၈ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂ မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်ဒေသခံများ၏ နေအိမ်များကို လိုက်လံဖောက်ထွင်းနေသည့် စစ်ကောင်စီစစ်ကြောင်းကို ဆားချောင်းကျေးရွာထိပ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀-မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ် များဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ရွာဘက်ကို တက်လာတဲ့စစ်ကြောင်းကို ၄၀ မမနဲ့ပစ်တာမှာ သူတို့ထဲကို တည့်တည့်ကြတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တော့ သေတာများတယ်။ တိုက်ပွဲကဆက်ဖြစ်နေတာရှိတယ်။ မနေ့(ဧပြီ၂၇)က တိုက်ပွဲမှာ သူတို့(စကစ) ဘက်က‌သေတာများတော့ လေယာဉ်နဲ့လည်းလာကြဲတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မင်းလှမြို့နယ်ကို အင်အား ၅၀၀ ဝန်းကျင်နီးပါးဖြင့် ဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တပ်မ-၆၆၊ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ခမရ-၆ တပ်ရင်း၊ ခလရ-၁နှင့် အခြားတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းလည်း သိရသည်။

“အခုလာတဲ့စစ်ကြောင်းတွေမှာတပ်သားသစ်တွေများတယ်။ စစ်တောင်မတိုက်တက်တဲ့သူတွေပဲ။ လက်နက်တွေကလည်း သုံးမရတာတွေများတယ်။ လူသားတံတိုင်းလုပ်တဲ့သဘောပဲ။ ခလရ-၁ တပ်က တပ်သားသစ်တွေနဲ့ ပျူတွေလည်း တပ်ထဲကထွက်ပြေးကြတယ်ကြားတယ် ရှေ့တန်းမလိုက်ချင်လို့” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ရှိသူက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့ကလည်း မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းမှ စစ်ကောင်စီတပ်သား နှင့် ပျူစောထီးအဖွဲ့ဝင်များမှာ တိုက်ခိုက်ခံခဲ့ရပြီး ရှစ်ဦးသေဆုံးခဲ့ကာ စစ်ကောင်စီတပ်များ၏ နေ့စဉ် လက်နက်ကြီးပစ်ခတ်ခြင်း နှင့် စစ်ကြောင်းထိုးခြင်းများကြောင့် ကျေးရွာပေါင်း ၂၀ ကျော် စစ်ဘေးရှောင်တိမ်းနေရကြောင်းလည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

#မင်းလှ #စစ်ကြောင်းထိုး #စစ်ကောင်စီ #PDF #တိုက်ပွဲ #Ayeyarwaddy_Times