
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဆက်လက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ဗန်းမော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၂၁ နှင့် ခြေလျင်တပ်ရင်း ၄၇ တို့တွင် တိုက်ပွဲပြင်းထန် စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စွဲထားရာ ဗန်းမော်စုပေါင်းရုံးတွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန် လျက်ရှိကြောင်း Banmaw Scout Team ထံမှသိရသည်။
စစ်ကောင်စီတပ်စွဲထားရာ နေရာများဖြစ်သည့် ဗန်းမော်စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကံဦးကျောင်း၊ အထက (၁) ကျောင်း၊ Galaxy KTV အနီးဝန်းကျင်တို့ကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်လျက်ရှိသည်။
“တိုက်ပွဲက တစ်ကျော့ပြန်ပြင်းထန်လာတာ။ လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး လေကြောင်းကနေ လည်း အကြိမ် ၂၀ ထက်မနည်း လာကြဲတယ်။ စစ်တပ်က ဒရုန်းတွေကိုလည်း တရုတ်လုပ်တွေရော ရုရှားထုတ်တွေနဲ့ပါ အပြင်းအထန်သုံးပြီး တိုက်ခိုက်နေတာ။ စကခ ၂၁ ကို ဦးတည်ပြီးအဓိက ထိုးစစ်ဆင်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဧပြီ ၂၇ ရက်နေ့က စစ်ကောင်စီသည် ၎င်းတို့တပ်စွဲနေရာယူထားသည့် ကချင်စုရပ်ကွက်ရှိ Robert KBC Church နှင့် အလက (၃) ကျောင်းအနီးတဝိုက်တို့ကို လက်လွှတ်၍ တပ်ဆုတ် ထွက်ပြေးကာ ယခုတိုက်ပွဲပြင်းထန်နေသည့် Galaxy KTV လမ်းတစ်လျှောက်တွင် အင်အားဖြည့်တင်း ခံစစ်ပြင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲအနီးရှိ ကချင်စုရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်တို့တွင် နေအိမ်များပျက်စီး မီးလောင်ကျွမ်း နေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က စကခ ၂၁ ရှိ စစ်ကောင်စီ၏ ကာကင်းစခန်းငါးခုထက်မနည်းကို သိမ်းဆည်း ရရှိခဲ့ပြီး ဗန်းမော်မြို့အတွင်း တပ်စွဲထားရာနေရာအချို့ကိုပါ KIA ကသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့်အတွက် နေအိမ်များပျက်စီးပြီး လူထိခိုက်သေဆုံးမှုများရှိသော်လည်း ဆက်သွယ်ရေးအခြေအနေများကြောင့် အတည်ပြုရန်ခက်ခဲနေကြောင်း ဧရာဝတီတိုင်းမ် သတင်းရင်း မြစ်က ဆိုသည်။
ပုံစာ-KIA နှင့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များဗန်းမော်လေဆိပ်သိမ်းယူစဉ်(ပုံဟောင်း)
#ကချင် #ဗန်းမော် #စကခ၂၁ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #ကာကင်းသုံးခု #လက်လွှတ် #Ayeyarwaddy_Times