
ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
ငလျင်ကြီးလှုပ်ခတ်ပြီး ယနေ့ ဧပြီ ၂၈ ရက်နေ့ တစ်လပြည့်ချိန်အထိ ပြိုကျပျက်စီးသွားသော အဆောက် အအုံများအောက်တွင် သေဆုံးရုပ်အလောင်းများ ထုတ်ယူနေရဆဲဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပံ့ ကြေး မရရှိသေးကြောင်း သိရသည်။
အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ရာနှင့်ချီသော အဆောက်အအုံများ ပြိုကျ ပျက်စီးခဲ့ရာတွင် တစ်လကြာမြင့်သည်အထိ ရုပ်အလောင်းများ ရှာဖွေထုတ်ယူနေရဆဲဖြစ်ပြီး မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၂၇ ရက်နေ့က ထပ်မံရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၅ ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသွားသူများကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းထောက်ပံ့ပြီး အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ပံ့မှုများလုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့သော်လည်း ငလျင်ဘေးသင့်သူများမှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးကြောင်း မန္တလေးရှိ ငလျင်ကယ်ဆယ်ရေး စခန်းများထံမှ သိရသည်။
“ ငလျင်ဒဏ်သင့်တဲ့ ဝန်ထမ်းမိသားစုတောင် ဘာမှ လုပ် မပေးနိုင်သေးဘူး။ ဝန်ထမ်းအိမ်ရာတွေလည်း ဒီအတိုင်းပဲ။ သာမန်ပြည်သူတွေအတွက်ဆို ပိုဆိုးမှာပဲ။ ဘာမှ မလာသေးဘူး။ သူတို့ဆီ (စစ်ကောင်စီ)က ဘာမှ မလာသေးဘူး ” ဟု မန္တလေးမြို့နေထိုင်သူ ငလျင်ဘေးဒဏ်သင့်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ငလျင်လှုပ်ခတ်မှုပြင်းထန်စွာ ခံရသော မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်ရှိ ပြိုကျ အဆောက်အအုံ များကို ဖယ်ရှားရှင်းလင်းရေးနှင့် ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်း ဆောင်ရွက်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ပြည်သူများအချင်းချင်း လှူဒါန်းမှုဖြင့် ငလျင်ဘေးဒဏ်ခံ ပြည်သူအများအတွက် ယာယီနေထိုင်ရေးနှင့် စားသောက်ရေးအတွက် လှူဒါန်းပေးနိုင်သော်လည်း ပြန်လည်တည်ဆောက်ရေး အပိုင်းအတွက် တာဝန်ရှိသူများက အဓိက ဆောင်ရွက်မှသာ ရမည်ဖြစ်ကြောင်း ငလျင်ကူညီလုပ်ရေးသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
ထို့ပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းရှိ ပြည်သူ့ အင်အားဖြင့် ဖွင့်လှစ်ထားသော ငလျင်ကယ်ဆယ်ရေးစခန်းကို မကြာခင် ကျောင်းဖွင့်ချိန် ရောက်မည်ဖြစ်၍ ယခုလကုန်တွင် ပိတ်မည်ဖြစ်ကြောင်း ယင်းစခန်းထံမှ စုံစမ်းသိရသည်။
“ စခန်းမှာရှိသူတွေ ဘယ်နားဘယ်လိုနေကြမလဲ မသိဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရမယ်။ အချို့က အစိုးရ (စစ်ကောင်စီ) ဖွင့်ထားတဲ့ စခန်းမှာပဲ ပေါင်းနေမလား မသိဘူး” ဟု ယင်းစခန်းရှိ ငလျင်ဘေး သင့်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ငလျင်ဘေးကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ဖွင့်လှစ်ထားပြီး ငလျင်ဘေးဒဏ် ခံစားခဲ့ရသူ လေးသောင်းကျော်သည် အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မိမိတို့၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်သူ ၁၅၉,၂၃၉ ဦးနှင့် ငလျင်ဒဏ်ခံခဲ့ရသော နေအိမ်များတွင် ဆက်လက်နေထိုင်သူ ၄၂၁,၃၁၁ ဦး ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ငလျင်လှုပ်ခတ်မှုတစ်လပြည့် #မန္တလေး #စစ်ကိုင်း #စစ်ကောင်စီကူညီထောက်ပံ့မှုမရ #Ayeyarwaddy_Times