ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၂၇ ရက်)

“မျက်စိစွန်နာ ခံစားနေရတဲ့ အခိုက်အတန့်မှာ…လူပျိုကြီးရေ ခင်ဗျားက လူမစွံဘဲ မျက်စိစွန်နေပါ ရော့လား”

မျက်စိစွန်တဲ့အခါတိုင်း ဒီလိုစနောက်ချင်ကြသူတွေကို မျက်ခွံမျက်ခမ်းမှာဖြစ်တဲ့ မျက်စိစွန်နာ အကြောင်းလေး ပြောပြဖို့ အကြောင်းတိုက်ဆိုင်လာပါပြီ။

“ဪ…လူတွေဗျာ မျက်စိစွန်နာပေါက်တာကို မစာနာဘဲ လူမစွံတာကိုပါ ထပ်လောင်း စနောက် နေပါရော့လား။ မျက်စိစွန်တာ ဘယ်လောက်နာလဲ ခိုးလိုးခုလုနေထိုင်ရခက်သလဲဆိုတာ ကြုံဖူးမှ သိမယ်ဗျ”

တကယ်လည်း ဟုတ်ပါတယ်။ မျက်စိစွန်တယ်ဆို မျက်ခွံအတွင်းမှာ အဖုအကျိတ်ကလေးဖြစ်ပြီး နာကျင်ရပါတယ်။ မျက်စိ စွန်တာက တစ်ပတ်ခုနှစ်ရက်အတွင်း သူ့အလိုလို ပျောက်ကင်းသွား တတ်ပါတယ်။ သို့ပေမယ့် မပျောက်မချင်းကိုတော့ မျက်ခွံက တင်းကား ကိုက်ခဲနာကျင်ခြင်းကို ခံစားရမှာပါ။

#မျက်စိစွန်နာရောဂါ

မျက်စိစွန်နာက မျက်ခမ်းစပ် ‌မျက်တောင်မွှေးပေါက်ရာနေရာ အနီးတဝိုက်မှာ နာကျင်ရောင်ရမ်းပြီး အဖုအနာ ဖြစ်လာရတာဖြစ်ပါတယ်။ ဘာကြောင့် မျက်စိစွန်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှာရ ခက်ခဲပါတယ်။ မျက်ခမ်းစပ်ကို ဓာတုဆေးဝါးများ၊ ဖုန်မှုန့်များဝင်ခြင်း၊ ယားယံခြင်းကြောင့် လက်ဖြင့် ပွတ်မိခြင်း၊ ဆံပင်ဆိုးဆေးကဲ့သို့ ဆေးဝါးများ မျက်လုံးအတွင်းဝင်ခြင်း တို့ကြောင့် မျက်ခမ်းစပ် ရောင်ရမ်း နီရဲခြင်းတို့ဖြစ်ရပါတယ်။

ရောင်ရမ်းနေတဲ့ မျက်ခမ်းစပ်အနီး မျက်တောင်မွေးအခြေနားက မျက်သားမျက်ဝတ်ထုတ်ပေးတဲ့ ဂလင်း လေးတွေပိတ်ဆို့ ရောင်ရမ်းတာတွေလည်း ဖြစ်လာတတ်ပါတယ်။

ပြည်တည် အဖုဖြစ်လာကာ အဖုပတ်လည် နီရမ်းရောင်ရင်း ဖောင်တင်းပြီး မျက်လုံးပိတ်တဲ့ အခါ ခိုးလိုးခုလုခံစားနေရတာက နေရခက်စေပါတယ်။ မျက်တောင်မွေးညင်းအမြစ်အိတ်နှင့် မျက်ရည် ပြုဂလင်းတွေကို ဘတ်တီးရီးယားပိုးဝင် တဲ့အခါမှာလည်း မျက်စိစွန်တာဖြစ်တတ်ပါတယ်။

မျက်စိစွန်နာဟာ တစ်လုံးကနေ နှစ်လုံး သုံးလုံးစသည်ဖြင့် ပျံ့နှံ့ဖြစ်ပွားခြင်းကိုလည်း လူအချို့ ကြုံရ တတ်ပါတယ်။

မျက်စိစွံနာ ဖြစ်တဲ့အခါ မျက်ခွံမျက်ခမ်းမှာတစ်ဖက်မှာပဲ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ မျက်စိနှစ်ဖက်လုံးရဲ့ မျက်ခမ်းမှာဖြစ်တာကတော့ ကြုံတောင့်ကြုံခဲ အခြေပါပဲ။ မျက်စိစွန်ခြင်းကြောင့် အမြင်အာရုံ ဝေဝါး တာမျိုး မဖြစ်ပါဘူး။

မျက်စိစွန်နာ ပြည်များဖြင့်တင်းရင်းပြီး အနာ‌‌‌ဖောင်းလာပြီး အလိုလိုပေါက်ထွက်သွားတတ်ပါတယ်။ ရောင်ရမ်းနီရဲနာကျင်ခြင်းတွေလည်း လျော့နည်းပြီး အနာကတဖြည်းဖြည်းသက်သာ ပျောက်ကင်း သွားပါမယ်။

တစ်ခါတလေမှာတော့ အနာပြည်က မပေါက်ကွဲတော့ဘဲ ချပ်သွားတတ်ပါတယ်။ မျက်စိစွန်သူရဲ့ ကိုယ်ခံအားတုန့်ပြန်မှုကြောင့် သူ့အလိုလို အနာချပ်သွားတတ်သလို အရောင်ကျဆေး ပိုးသတ်ဆေး များသောက်ခြင်းကြောင့် အနာမပေါက်ကွဲဘဲ သေးသိပ်ပြီး ပြန်ကျုံ့ကာ ချပ်သွားတတ်ပါတယ်။

#မျက်စိစွန်နာနှင့် ဆင်တူသော အခြားမျက်စိရောဂါများ

-မျက်တောင်မွှေးညင်းပေါက်ရာမျက်ခွံမျက်ခမ်းစပ်ယားယံရောင်ရမ်းခြင်း(Blepharitis)
-ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ မျက်ခွံအတွင်း နာကျင်ခြင်းမရှိသော အဖုအလုံးတည်ခြင်း (Chalazion)
-မျက်ရည်အိတ် ပိုးဝင်ရောင်ရမ်းပြီး မျက်ရည်စုရာမျက်ခမ်းအတွင်းထောင့်တွင် နာကျင်မျက်ရည်ပူကျ မျက်ဝတ်ထွက်ခြင်း (Dacryocystitis)
-မျက်ရည်ပြုဂလင်း ပိုးဝင်ပြီး အပေါ်မျက်ခမ်းထောင့်တွင် ဖောင်းမို့ နာကျင်ခံစားပြီး မျက်ရည်ကျ မျက်ဝတ်ထွက်ခြင်း (Dacryocystitis) စတဲ့ အခြားမျက်စိရောဂါများလည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ မျက်စိဆရာဝန်များနှင့် တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါတယ်။

#မျက်စိစွန်နာကုသခြင်း

မျက်စိစွန်နာ ပြည်ဖုသည် အလိုလိုပေါက်ထွက်သွားတတ်တာကြောင့် အများစုက စောင့်ကြည့်ရန် သာလိုအပ်ပြီး ကုသမှုမလိုတတ်ပါ။ မျက်လုံးကိုလက်ဖြင့်ပွတ်ခြင်း ကုတ်ခြင်းမလုပ်ရပါ။ မျက်ခွံ အတွင်းပြည်တည်ဖုကို ဝက်ခြံညှစ်သလို လုံးဝ (လုံးဝ) မညှစ်ရပါ။ မျက်လုံးကိုသန့်သန့်ရှင်းရှင်းထားပါ။ လက်ဖြင့်ကိုင်တွယ်မည်ဆိုပါက လက်ကိုစင်ကြယ်စွာဆေးကြောသန့်စင်ထားရပါမယ်။

မျက်စိစွန်နေစဉ်အတွင်းမှာ မာစကာရာမျက်တောင်အရောင်ခြယ်ခြင်း၊ မျက်ခွံမိတ်ကပ်ခြယ်သခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်း တို့ကိုရှောင်ရန် ဆင်ခြင်ရန် လိုအပ်ပါတယ်။ မျက်စိစွန်အဖုကို လေးညှင်း ပွင့်ရိုးတံ၊သွားကြားထိုးတံ၊ရှောက်ဆူး စသည်ဖြင့်အချွန်များဖြင့်ထိုးခြင်းတွေရှောင်ရှားရပါမယ်။

နာကျင်ခြင်းသက်သာဖို့ အပူဝတ်ကပ်ပေး၍ရပါတယ်။ မျက်နှာသုတ်ပဝါအသေးတစ်ခုကို ရေနွေးတွင် နှစ်၍ နွေးပါစေ။ အဝတ်နွေးနွေးကို မျက်စိစွန်နာပေါ်တွင် အုံ၍ ၅မိနစ်ခန့် အပူဝတ်ကပ်ပေးနိုင်ပါတယ်။ ပိုးသတ်မျက်စဉ်းဆေး နှင့် မျက်ရည်တုများ အသုံးပြုကာ မျက်စဉ်းခပ်နိုင်ပါတယ်။

ပိုးသတ်ဆေးဝါး အကိုက်ခဲနာကျင်သက်သာဆေးဝါး၊ အရောင်ကျဆေးဝါးတို့ကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း သောက်သုံးကာ ကုသနိုင်ပါတယ်။

#ခွဲစိတ်ကုသရခြင်း

တစ်ခါတလေမှာ မျက်စိစွန်နာကကြီးမားပြီး ဝေဒနာခံစားရသူကို စိတ်အနှောက်အယှက် ပေးလွန် တဲ့အခါမှာဖြစ်စေ၊ မျက်စိစွန်နာနှစ်ဖုသုံးဖု ပေါက်လာတဲ့အခါမှာဖြစ်စေ၊ အလုပ်ပျက်နေရ ခက်လွန်း နာကျင်၍အမြန်ပျောက်ချင်သည့်အခါမှာဖြစ်စေ မျက်စိစွန်နာကိုခွဲစိတ်၍ ကုသနိုင်ပါတယ်။

မျက်စိစွန်သည့်နေရာ ပတ်ပတ်လည်ကို ထုံဆေးပေးပြီး ဇွန်းပုံသဏ္ဍာန်ခွဲစိတ်ကရိယာဖြင့် ပြည်ဖုနှင့် မျက်စိစွန်အနာတစ်ခုလုံးကို ခြစ်ထုတ်ဖယ်ရှားရပါတယ်။ခွဲစိတ်မှုအပြီးမှာတော့ ပိုးသတ်ဆေးဝါး၊ အရောင်ကျဆေးဝါး၊ အကိုက်ခဲနာကျင်သက်သာဆေးဝါးများတွေကို သောက်သုံးရမှာဖြစ်ပါတယ်။

မျက်စိစွန်ခြင်းကို အခုလိုနည်းလမ်းတွေနဲ့ ကုသနိုင်ပြီဆိုတာ သိပြီမို့ နောက်တစ်ပတ်မှာတော့ ဆပ်ပြာနှင့်ကျန်မာရေးဆောင်းပါးကို တင်ဆက်သွားမှာ‌ဖြစ်ပါတယ်။ စောင့်မျှော်အားပေးနေကြသူ ဧရာဝတီတိုင်မ်း မီဒီယာရဲ့ ပရိသတ်များအားလုံးကို ဘေးကင်းကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မျက်စိစွန်နာရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။