ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တွန်ပလွန်အုပ်စုတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ပေါင်းပြီး စစ်မှုထမ်း ထောက်ပံ့ကြေးအတွက် သိန်းဂဏန်းအထိ ဒေသခံများထံမှ တောင်းယူနေကြောင်း သိရသည်။

ယခုစစ်မှုထမ်းအမှတ်စဉ် (၁၂) အထိ ရောက်လာချိန်တွင် ယခင်က လစဉ်ကြေးကို သောင်းဂဏန်း ကောက်ယူရာမှ ယခုအခါတွင် တစ်‌အိမ်‌ထောင်လျင် ကျပ်နှစ်သိန်းအထိ ကောက်‌ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

“ပိုက်ဆံကိုသိန်းဂဏန်းအထိကောက်လာပြီး လူစားထိုးဖို့အတွက် မသုံးဘဲကိုယ်ကျိုးအတွက် သုံးစွဲ နေပြီး မြို့နယ်ကလာတဲ့ ဆင့်ခေါ်စာအတိုင်း လူဖမ်းပို့ပေးနေတာ”ဟု ပုသိမ်ဒေသခံက ဧရာဝတီတိုင်းမ် ကိုပြော သည်။

တွန်ပလွန်အုပ်စု အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးစာရေးနှင့် ရွံ့အင်းရွာရာအိမ်မှူးတို့ပေါင်းပြီး အိမ်ခြေ နည်းသည့်ကျေးရွာများကို တစ်အိမ်ထောင်သုံးသိန်းအထိ တိုးမြှင့်၍ အတင်းအကျပ် ကောက်ခံ နေကြောင်း သိရသည်။

စစ်မှုထမ်းရန်အတွက် ငွေကြေးတိုး၍ကောက်ခံနေသော်လည်း အစားထိုးလူရှာဖွေခြင်းမရှိဘဲ ကျေးရွာမှ လူငယ်များကို ဆင့်ခေါ်စာဖြင့်ခေါ်ယူ၍ စစ်တပ်အတွင်းသို့ ဖမ်းဆီးပို့ဆောင်နေမှုများရှိကြောင်းလည်း ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။

ထို့အပြင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ် ကိုင်နေသည့် လူငယ်များစာရင်းကိုလည်း တစ်အိမ် တက်ဆင်း စိစစ်ကောက်ယူနေမှုများရှိပြီး အုပ်ချုပ်ရေးမှူးများက စစ်မှူထမ်းအတွက် လူသစ် စုဆောင်းခြင်း ငွေကြေးကောက်ခံခြင်းများအပြင် လေးမျက်နှာနှင့် ရေကြည်မြို့နယ်များတွင် တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ရိက္ခာပို့ခိုင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ပုသိမ်မြို့နယ်အတွင်း ခံစစ်ပြင်ဆင်နေကာ ဘန်ကာဆောက်ခြင်း၊ ဆက်သွယ်ရေး မြောင်းတူးခြင်း၊ ကတုတ်ကျင်းတူးခြင်းအပြင် ပြည်သူ့စစ်များနှင့်ပူးပေါင်း၍ ညစဉ်ကင်းလှည့်ကာ ပေါ်တာဆွဲခြင်းများပါ ပြုလုပ်နေကြောင်း ဒေသခံများထံမှတစ်ဆင့် သိရသည်။

#ဧရာဝတီတိုင်း #ပုသိမ် #စစ်မှုထမ်း #လစဉ်ကြေး #သိန်းဂဏန်းကောက်ယူ #Ayeyarwaddy_Times