နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်း ဆောက်လုပ်ရေးတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများ ပြန်လည် ဆက်သွယ်ရမည်

ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားရသည့် အဆောက်အအုံများပြန်လည်တည်ဆောက်ရေးအတွက် အဆောက်အအုံများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ သီးခြားဖွဲ့စည်းမည်ဖြစ်ကြောင်းစစ်ကောင်စီထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးတွင် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူကြီး စိုးဝင်းက ပြောကြားခဲ့သည်။

အဆောက်အအုံများပြန်လည် ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဌအဖြစ် စစ်ကောင်စီဝန်ကြီးဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တာဝန်ပေးထားပြီး ယင်းကော်မတီ ကိုထပ်မံ၍သီးခြားဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကော်မတီကိုသီးခြားဖွဲ့စည်းပြီး စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်းများပြုလုပ်ကာ အရောင်အဆင့်သတ်မှတ် ခွဲခြားပြီးရရှိလာမည့်အဆင့်သတ်မှတ်ချက်များကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ( DMC) သို့ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း စစ်ကောင်စီထံမှ သိရသည်။

ငလျင်ကြောင့် နေအိမ်အဆောက်အအုံပြိုကျသွားသူများသည် လက်ရှိအိမ်ဖြိုချရေးအတွက်ပင် အခက်အခဲဖြစ်နေကြပြီး ပြန်လည်တည်ဆောက်ရေးအတွက်စဉ်းစားနိုင်မှုမရှိသေးကြောင်း မန္တလေး တိုင်း၊ ချမ်းမြသာစည်တွင် နေထိုင်သူ ဒေသခံများက ဆိုသည်။

“ အဆောက်အအုံဖြိုဖို့အတွက် ပြိုကျတဲ့အိမ်ပုံဓာတ်ပုံပြရတယ်။ စည်ပင်မှာအသိရှိရင်တော့ အဆင်ပြေတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ သန်းခေါင်စာရင်းတို့ ရပ်ကွက်ထောက်ခံစာတို့ ပြရတယ်။ အိမ်ဖြိုတာစရိတ်ကြီးတယ်။ ပြန်ဆောက်တာဆို ပိုမလွယ်ဘူး ” ဟု ချမ်းမြသာစည်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင်အဆောက်အအုံများအသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေစမ်း သပ်မှု (Soil Test) ဆောင်ရွက်ပြီးမှသာတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မြေအနေအထားကိုကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီးစစ်ဆေး သွားမည်ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားထားသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အသစ်ဆောက်လုပ်မည့်အဆောက်အအုံများ ငလျင်ကြောပေါ်တွင် ရောက်ရှိမနေရစေရေး ဆန်းစစ်ရမည်ဖြစ်ပြီး အဆောက်အအုံများ ဆောင်လုပ်ရာတွင် ရစ်ခ်တာစကေး ၈ အထိခံနိုင်ရည်ရှိရန် ဆောက်လုပ်ရမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

ထို့ပြင် နေပြည်တော် အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါဝင်ခဲ့သည့် ရုံးဌာနအဆောက်အအုံများ၊ အထူးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများအပါအဝင် အခြားအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် တည်ဆောက်ခဲ့သည့် ကုမ္ပဏီများသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ ပြန်လည်ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်မှုသည် အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ ယနေ့ ဧပြီ ၂၆ ရက်ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်ပြီး နေပြည်တော်စည်ပင် သာ ယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူးနှင့် ဒုတိယဌာနမှူးထံသို့ ဆက်သွယ်ရန် ဖော်ပြထားသည်။

လက်ရှိတွင် ငလျင်ဘေးကယ်ဆယ်ရေးစခန်း ၁၃၅ ခုဖွင့်ထားပြီး ယင်းနေရာတွင်ပြောင်းရွှေ့နေထိုင်သူ ၄၈,၆၅၆ ဦး၊ မိမိအစီအစဉ်ဖြင့်ပြောင်းရွှေ့နေထိုင်သူ ၁၅၉,၂၃၉ ဦးနှင့် ငလျင်ဒဏ်နေအိမ်တွင် ဆက်နေထိုင်သူ ၄၂၁,၃၁၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီကဖော်ပြထားသည့် ဧပြီ ၂၅ ရက်နေ့အထိစာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦး၊ ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ငလျင် #ပြိုကျအဆောက်အအုံများ #ပြန်တည်ဆောက် #ဗဟိုကော်မတီဥက္ကဌ #ဗိုလ်ချုပ်ကြီးမောင်မောင်အေး #ကော်မတီသီးခြားဖွဲ့ #Ayeyarwaddy_Times