ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရန်ကုန် − ထားဝယ်ကားလမ်းပေါ်တွင်ရှိသည့် မောင်မယ်မယ်ရှောင် ကျေးရွာမှ ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင် ရွာတွင် ၈ လတာ တပ်စွဲနေထိုင်ခဲ့သည့် ဒေသအရပ်အခေါ် ဟားလီးကွေ့စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက် နံနက် ၆ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရသည်။

“စခန်းကို ညနေ ၅ နာ ရီ မှာ အပြီးသိမ်းပိုက်ရရှိခဲ့တယ်။ စခန်းရဲ့အဆောက်အအုံကိုလည်းမီးရှို့ခဲ့တယ်။ လက်နက်တွေလည်းရတယ်”ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

မောင်မယ်ရှောင်ရွာရှိ ဒေသခံများသည် ပြီးခဲ့သည့် နှစ်ကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင် နေကြပြီး စစ်ကောင်စီတပ်က လူမရှိသောနေအိမ်များကို ခြေကုတ်ယူ၍ ဘန်ကာများ ၊ဆယ်သွယ်ရေး မြောင်းများတူဖော်ကာ ပြီးခဲ့သည့် စက်တင်ဘာ လကတည်းက ဟားလီးကွေ့စခန်းအဖြစ် အထိုင်ချ တပ်စွဲနေထိုင်ခြင်းဖြစ်သည်။

“ပုံမှန်ဆို အဲဒီဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းမှာ အင်အား နှစ်ဆယ် သုံးဆယ်လောက်တော့ ရှိတယ်။ ဒီနေ့ တိုက်ပွဲမှာက သေတဲ့သူလည်းရှိတယ် ။အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံတာ အားလုံးပေါင်း ၁၅ ယောက်ပါ” ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တစ်ဦး ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်များသည် ဟားလီးကွေ့စခန်းတွင် တပ်စွဲနေထိုင်ပြီးနောက် ရန်ကုန် – ထားဝယ် ကားလမ်းမပေါ်ရှိ မော်တော်ယာဥ်များကို ခြိမ်းခြောက်ငွေညှစ်တောင်းယူမှုများရှိသောကြောင့် တော်လှန်ရေးရဲဘော် များမကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် မောင်မယ်ရှောင်ရွာ ဟားလီးကွေ့ စခန်းသည် ထားဝယ်မြို့နှင့် ၇ မိုင်အကွာတွင် တည်ရှိပြီး ရန်ကုန် – ထားဝယ် အမှတ် (၈)ပြည်ထောင်စု ကားလမ်းမဘေးတွင်တည်ရှိသည်။

အဆိုပါ ဟားလီးကွေ့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ဦးဆောင်မှုဖြင့် ဒူရက စစ်ကြောင်း ၊ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်-TPLF ရဲ့ သာဂရစစ်ကြောင်း နှင် တော်လှန်ရေးပူးပေါင်းတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမူ ဧရာ၀တီတိုင်းမ် အနေဖြင့် သိရှိရခြင်းမရှိသေးပေ။

ဓာတ်ပုံ- DNLA
ပုံစာ- သိမ်းပိုက်ရရှိခဲ့တဲဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းအား မြင်တွေ့ရစဉ်။

#ထားဝယ်မြို့နယ် #ဟားလီးကွေ့ #စစ်ကောင်စီတပ်စခန်း #တော်လှန်ရေးပူးပေါင်းတပ်များ #သိမ်းပိုက်ရရှိ #စစ်ကောင်စီ တပ်ဖွဲ့ဝင်၁၅ဦး #အလံဖြူထောင်လက်နက်ချ #Ayeyarwaddy_Time