
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
လားရှိုးမြို့အတွင်း ဝင်ရောက်နေရာယူထားပြီဖြစ်သည့် စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်းမှတစ်ဆင့် ရှမ်းမြောက်ကို လက်နက်နှင့် လူအင်အားပို့ပြီး စစ်ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခု ဧပြီနောက်ဆုံးပတ်တွင် ကလောမှ အောင်ပန်းကို အမြောက်လက်နက်ကြီးနှစ်လက်သယ်ဆောင်လာသည့် ယာဉ်များအပါအဝင် စစ်ယာဉ်တန်း ၁၅ စီးကို ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါစစ်ယာဉ်တန်းသည် တောင်ကြီးတွင် ယာယီအခြေ ပြုပြီးနောက် ရှမ်းမြောက်သို့ ထပ်မံပို့ဆောင်မည့် ယာဉ်တန်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“မိုင်းရယ်နဲ့တန့်ယန်းလက်ကို စစ်အင်အားအလွန် အကျွံဖြည့်တင်းနေတယ်။ စက်လက်တွေ အမြောက်တွေပါ တောက် လျှောက်ပို့နေတာ။ လားရှိုးကို ခြေကုပ်ယူပြီးတာနဲ့ အဲဒီနေရာတွေကို အထိမခံတော့မယ့် သဘောပဲ။ ရမခဌာနချုပ်ကို ပြန်ရပြီဆိုရင် အသိမ်းခံထားရတဲ့ မြို့တွေကိုပါ ပြန်လိုက်ယူမယ့်သဘောရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က ကိုးကန့်တပ် MNDAA အကူအညီဖြင့် လားရှိူးမြို့အတွင်း ဝင်ရောက်လာပြီးနောက် မိုင်းရယ်နှင့် တန့်ယန်းဘက်သို့ သံပြားများကာထားသည့် ယာဉ်တန်းတွင် လူအင်အားအပြည့်တင်ဆောင်ပြီး စစ်အင်အားဖြည့်တင်းခဲ့ကြောင်း ဒေသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီနှင့် MNDAA တို့သည် လားရှိုးမြို့အုပ်ချုပ်ရေး ပိုင်းအတွက် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှစတင်ကာ ယမန်နေ့ ဧပြီ ၂၆ ရက် အထိ ဆွေးနွေးနေကြဆဲဖြစ်ပြီး စစ်ကောင်စီ၏ တောင်းဆိုချက်များကို ညှိနှိုင်းဆုံးဖြတ်မှု ရယူနေသည်ဟုဆိုသည်။
စစ်ကောင်စီက အပစ်ရပ်စဲထားသည့်ကာလနှင့် လားရှိုးမြို့အတွက် ညှိနှိုင်းကာလတို့အတွင်း ရှမ်းတောင်မှတစ်ဆင့် ရှမ်းမြောက် မိုင်းရယ်နှင့်တန့်ယန်းကို စစ်ကူအင်အားပို့သလို နောင်ချိုမြို့ တောင်ခမ်းတိုက်ပွဲအတွင်းသို့လည်း ရှမ်းတောင် ရပ်စောက်မှတစ်ဆင့် စစ်ကူပို့ပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေကာ ဓာတုအဆိပ်ငွေ့ဗုံးများပါ အသုံးပြုနေကြောင်း TNLA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ရှမ်းမြောက်ကို ပြန်လည်ရရှိရေးအတွက် လက်ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ဖိအားပေးထားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်းမိုးကုတ်ကိုပြန်လည်ရရှိရေးအတွက် နေ့စဉ်စစ်ရေးစီမံချက် တောင်းခံနေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ပုံစာ -၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်တွင် အသုံးမပြုရသေးသည့် အမြောက်လက်နက်အသစ်များမဟာ မိတ်အဖွဲ့များ သိမ်းဆည်းရမိစဉ်
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #အမြောက်ယာဉ်တန်း #ပို့ဆောင် #စစ်အင်အားပြင်ဆင် #Ayeyarwaddy_Times