
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
စစ်ကိုင်းမြို့နယ် မြောက်ခြမ်းသို့ ထိုးစစ်ဆင်လာသည့် အင်အား ၅၀ ကျော်ပါ တပ်မ (၃၃) စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားပြီး စစ်ကြောင်း ပျက်ကာ ကစဉ့်ကလျားထွက်ပြေးသွားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က စစ်ကိုင်းမြို့ နယ် မင်းကွန်းနှင့် ပဒူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ကျော်ပါ တပ်မ (၃၃) စစ်ကြောင်း တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပြုတ်ပြီး ထွက်ပြေးခဲ့ရကာ ယမန်နေ့ ဧပြီ ၂၆ ရက်နေ့က အင်အားစုဖွဲ့ပြန်လည်ချီတက်လာကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်းသို့ ယမန်နေ့ ဧပြီ ၂၆ ရက်နေ့တွင် တပ်မ (၃၃) မှ စစ်အင်အား ၃၀၀ နီးပါးရှိ စစ်ကြောင်းသည် စစ်ကြောင်းအသီးသီးခွဲပြီး ပြန်လည်ထိုး စစ်ဆင်လာကြောင်း ဒေသခံများထံမှ သိရသည်။
“အဲဒီတပ်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုး မွှေနှောက်ပြီး ပစ္စည်းတွေယူပြီး အပြန်တိုက်ခိုက်ခံ ရတာ။ ပြည်သူတွေဆီက လုယက်ယူလာပြီးအပြန်မှာ ဖြစ်တော့ သေတဲ့အကောင် ၃၀ ကျော်လောက်ရှိတယ်။ လက်နက်တွေလည်း အကုန်ရတယ်”ဟု တော်လှန်ရေး အဖွဲ့နှင့် နီးစပ်သူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မ (၃၃) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်များလည်း ဆုံးရှူံးကာ စစ် ကြောင်းပျက်ခဲ့ရသည့်အတွက် စစ်ကောင်စီသည် ထပ်မံအင်အားစုဖွဲ့ပြီး ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
တပ်မ (၃၃) မှ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့က စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ စကျင်ကျေးရွာထိပ်သို့ စစ်သုံးဖောကားသုံးစီးဖြင့် ဝင်ရောက်၍ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၂၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကြောင်းပျက်သွားခြင်းဖြစ်သည်။
အဆိုပါ တပ်မ (၃၃) စစ်ကြောင်းသည် လမ်းတစ်လျှောက်ရှိ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ပြီး ဧပြီ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့ ရွာသစ်ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
လုံခြုံရေးအခြေအနေများကြောင့် ဖမ်းဆီးခံရသည့် ဒေသခံများကို ကယ်ထုတ်နိုင်ခြင်းရှိ/မရှိကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် မေးမြန်း၍ မရသေးပေ။
ပုံစာ-စစ်ကောင်စီစစ်ကြောင်း(ပုံဟောင်း)
#စစ်ကိုင်း #တပ်မ၃၃ #စစ်ကြောင်းတိုက်ခိုက်ခံရ #စစ်ကြောင်းပျက် #ထွက်ပြေး #အင်အားစုဖွဲ့ #Ayeyarwaddy_Times