
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိအရာရှိတစ်ဦး ဒရော့ဗုံးထိမှန်ပြီး သေဆုံးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
သေဆုံးသည့် စစ်ကောင်စီတပ်မှ ဗိုလ်သည် ပထမအကြိမ် တောင်ကုတ်တိုက်ပွဲအတွင်း ဗုံးဆန် ထိမှန်သည့် ဒဏ်ရာများရရှိကာ ၎င်း၏ နေရပ်ဖြစ်သည့် ကျုံပျော်မြို့နယ်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရ ကြောင်း သိရသည်။
ထို့နောက် လေးမျက်နှာမြို့နယ်တိုက်ပွဲအတွင်းသို့ ပို့ဆောင်ခံရပြီး ဒရော့ဗုံးထပ်မံထိမှန်ကာ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် သေဆုံးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
“ပထမ တောင်ကုတ်မှ ထိမှန်ထားတဲ့ ဗုံးဆန်တောင် ပေါင်ထဲကနေ မထုတ်ရသေးဘူး၊ အခု တစ်ခါ တိုက်ပွဲမှာ ဗုံးစထပ်ထိပြီး သေဆုံးသွာတယ်။ သူ့သတင်းကြားတာနဲ့ သူ့နောက်ကို မိသားစုတွေ လိုက်သွားကြတယ်”ဟု စစ်ကောင်စီတပ်မှ Non CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် သေဆုံးသွားသည့် စစ်ဗိုလ် ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ သေဆုံးသည့် နေရာတွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကာ ၎င်း၏ အရိုးပြာအိုးကို ဧပြီ ၂၅ ရက်နေ့ညပိုင်းက မိသားစုထံ ပြန်လည်ပေးအပ်လိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
#တောင်ကုတ်တိုက်ပွဲ #ဗုံးဆန်ထိ #ဒဏ်ရာများဖြင့်ပြန်လာ #စစ်ကောင်စီတပ် #ဗိုလ်တစ်ဦး #လေးမျက်နှာတိုက်ပွဲတွင် #ထပ်မံ #ဒရော့ဗုံးထိမှန် #သေဆုံး #Ayeyarwaddy_Times