ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၆ ရက်

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီတပ်တွေ နဲ့ တော် လှန်ရေးတပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေ ရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသူ ၆၇၀၀၀ နီးပါး ရှိခဲ့ကြောင်း ဒေသအတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 – Thanintharyi ၏ အစီရင်ခံစာအရသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လအတွင်းက ကုန်သွယ်ရေးလမ်းမကြီးများကို ဆက်တိုက် စစ်ကြောင်းထိုးခြင်း၊ ရေနက်ဆိပ်ကမ်းဧရိယာကို နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲများဖြစ်ပွားခြင်း၊ လေကြောင်း ရေကြောင်းတိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ အရပ်သား ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပိုမိုများပြားလာရခြင်းဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင် အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ပြည်သူ အနည်းဆုံး ၂၇၃၀၀ ကျော်ရှိခဲ့သည်။

ယင်းအပြင် မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် ကျွန်းစုမြို့နယ်များတွင်လည်း တိုက်ပွဲဖြစ်ပွားမှု၊ ရေကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉၅၀၀ ကျော်ရှိခဲ့ကြောင်း FE5 -Thanintharyi ကဆိုထားသည်။

ဒါ့အပြင် ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၃၀၀၀ ဝန်းကျင်ရှိပြီး ကျန် ၁၅၀၀၀ ကျော်သည် နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ်တွင်လည်း နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေပြီး၊ လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၈၅၀၀ ခန့် ရွာလုံးကျွတ် နီးပါးထွက်ပြေးနေကြရကြောင်း FE5 – Thanintharyi ထံမှ သိရသည်။

စစ်ကောင်စီသည် ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင်လည်း ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားသည်။

ထို့ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ အချို့စစ်ရှောင်များသည် ငှက်ဖျား၊ ဝမ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားမှုများနေပြီး ရက်ရှည်ကြာလာသည်နှင့်အမျှ အမိုးအကာ နှင့် ဆေးဝါးများမလုံလောက်မှုတို့ကို ရင်ဆိုင်နေရကာ ပိုမိုဒုက္ခရောက်ရှိလာကြကြောင်း FE5 – Thanintharyi က ဆိုသည်။

တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစု၏ အရေအတွက်မှာ ပုံမှန်ရှိနေခြင်းမရှိဘဲ စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှုတို အပေါ်မူတည်၍ အရေအတွက် အပြောင်းအလဲ အမြဲရှိနေမည်ဖြစ်ကြောင်းသိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းကလည်း နှစ်ဖက်တိုက်ပွဲအပြင် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၆၈၄၀၀ ကျော် အထိရှိခဲ့ကြောင်း FE5 – Thanintharyi ရဲ့အစီရင်ခံစာအရသိရသည်။

ဓာတ်ပုံ-ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့။
#တနင်္သာရီတိုင်း #မတ်လအတွင်း #ဒေသခံပြည်သူ #၆၇၀၀၀ #စစ်ဘေးရှောင်ခဲ့ရ #Ayeyarwaddy_Times