
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၆ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သား သုံးဦးသည် ပြီးခဲ့သည့် ဧပြီတတိယပတ်တွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းသို့ လက်နက်မဲ့ အလင်းဝင်ရောက်လာကြောင်း သိရသည်။
အလင်းဝင်ရောက်လာသူများမှာ စစ်မှုထမ်း အမှတ်စဥ် (၉) သင်တန်းဆင်းများဖြစ်ပြီး အသက် ၃၁ နှစ် အရွယ် ကိုရဲဝင်းအောင် ၊ အသက် ၂၄ နှစ်အရွယ် ကိုသူရစိုး နှင့် မန္တလေးဒေသခံ အသက် ၂၈ နှစ်အရွယ် ကိုစည်သူကျော် တို့ဖြစ်ကြောင်း ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ဧပြီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကိုရဲဝင်းအောင် နှင့် ကိုသူရစိုး တို့ နှစ်ဦးသည်စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉) ရန်ကုန်တိုင်း ဂျိုးဖြူလေး သင်တန်းကျောင်းတွင် စစ်သင်တန်း သုံးလ တက်ရောက်ခဲ့ပြီး ဘုတ်ပြင်း မြို့နယ် စကခ(၁၃)သို့ ပို့ဆောင်ခံရခြင်းဖြစ်သည်။
“ကိုရဲဝင်းအောင် နဲ့ ကိုသူရစိုး တို့က ဧပြီ ၁၇ ရက်နေ့က သူတို့ထွက်ပြေးလာကြတယ်။ ကျွန်တော်တို့ပူးပေါင်း စစ်ဆေးရေးဂိတ်ကို ရောက်မှ ထွက်ပြေးလာကြတဲ့အကြောင်းကိုပြောပြတယ်။ ဧပြီ ၂၀ ရက်နေ့မှာ ကျွန်တော်တို့ဆီရောက်လာတယ်ပေါ့။ အခုသူတို့ နှစ်ယောက်ကိုလုံခြုံတဲ့နေရာမှာ ထားပေးထားပါတယ်”ဟု ကော့သောင်းခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော် သားငယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် ကိုစည်သူကျော်သည်လည်း မတရားစစ်မှုထမ်းစုဆောင်းခံရကာ စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉)ဗထူးသင်တန်းကျောင်းတွင် စစ်သင်တန်း သုံးလ တက်ခဲ့ပြီးနောက် တနင်္သာရီမြို့နယ် ခမရ(၅၅၈)တပ်ရင်းသို့ ရောက်ရှိကာ ယင်းမှတစ်ဆင့် ဘုတ်ပြင်းမြို့နယ် ခလရ(၄၃၂) တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်းသိရသည်။
“ကိုစည်သူကျော်ကိုကျတော့ စစ်ကောင်စီတပ်က လက်နက်တွေဖြုတ်သိမ်း ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စောင့်ကြည့်တဲ့ အနေနဲ့ထားထားတာ။ ခလရ -၄၃၂ တပ်ရင်း ကိုပို့မယ့် စစ်မှုထမ်းသင်တန်းသားတွေကို ဘုန်းကြီးကျောင်းမှာစောင့်ကြည့်တဲ့အနေနဲ့ထားတယ်။ စိတ်ချ ယုံကြည်ရပြီ ဆိုမှ တပ်ရင်းထဲကိုပို့ကြတာ။ အဲ့ဒီအချိန်မှာထွက်ပြေးလာတာ။ ဧပြီ ၂၀ ရက်နေ့ မှာကျွန် တော်တို့ကို ဆက်သွယ်ပြီးရောက်လာခဲ့တယ်” ဟုကော့သောင်းခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက ရဲဘော်သားငယ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းသင်တန်းဆင်း သုံး ဦး မှာ ဘုတ်ပြင်းမြို့နယ် စကခ (၁၃) မှ နှစ်ဦး နှင့် ဘုတ်ပြင်းမြို့နယ် ၊ ခလရ (၄၃၂) တပ်ရင်း မှ တစ်ဦးတို့ ဖြစ်ကြပြီး လက်ရှိအချိန်တွင် သုံးဦးစလုံးကို လုံခြုံစွာစောင့်ရှောက် ထားကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။
၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းထံသို့ စစ်ကောင်စီတပ်သား အလင်းဝင်ရောက်လာ သူ ခြောက်ဦး အထိရှိပြီဖြစ်ကြောင်း အဆိုပါတပ်ရင်း၏ တာဝန်ရှိသူထံမှ သိရသည်။
ဓာတ်ပုံ ၊ ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်း။
ပုံစာ ၊အလင်းဝင်ရောက်လာသော စစ်မှုထမ်းသင်တန်းဆင်းမှ စစ်ကောင်စီတပ်သား သုံးဦး။
#ကော့သောင်း #စစ်မှုထမ်းသင်တန်းဆင်း #စစ်ကောင်စီတပ်သား #၃ဦး #လက်နက်မဲ့အလင်းဝင် #Ayeyarwaddy_Times