
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၆ ရက်
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်အခြေစိုက် ခလရ – ၂၇၃ တပ်ရင်း မှ စစ်ကောင်စီတပ်သားတစ်ဦးသည် ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာပြီး ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့တွင် လက်နက် ခဲယမ်း နှင့်တကွ အလင်းဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း က ဧပြီ ၂၅ ရက် နေ့တွင် ထုတ်ပြန်သည်။
လက်နက် ခဲယမ်း နှင့်တကွ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား မှာ ကံပေါက်အခြေစိုက် ခလရ – ၂၇၃ တပ်ရင်း မှ ဒုတပ်ကြပ် အဆင့်ရှိတဲ့ အသက် ၂၂ နှစ် အရွယ် ရဲဘော် တစ်ဦးဖြစ်ကြောင်းသိရသည်။
“ဒီရဲဘော်က မြိတ်ခရိုင် ထဲက ဆင်ငိုတောင်ရှေ့တန်းစခန်း မှာတာဝန်ကျနေတာ။ အဲဒီကနေ ထွက်ပြေးလာတာ။ ကျွန်တော်တို့ ရဲဘော်တွေဆီကနေ တစ်ဆင့်ချိတ်ဆိတ်ပြီးရောက်လာတာပေါ့။ အဲဒီရဲဘော်ကို တော့ပါလာတဲ့ လက်နက်ခဲယမ်းအပေါ်မှုတည်ပြီးဆုငွေချီးမြှင့်ဖိုရှိတယ်။ အခုတော့ MOD ဘက်ကိုတင်ထားပြီးပါပြီ။ MOD က ချီးမြှင့်ငွေချပေးတာနဲ့တစ်ခါတည်းပေးအပ်သွားမှာဖြစ်တယ်” ဟုမြိတ်ခရိုင် အမှတ်(၂) တပ်ရင်း မှ တာဝန်ရှိသူ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားသည် MA1 သေနတ် တစ်လက်၊ ကျည် ၁၅၀တောင့်၊ ကျည်ဘောက် လေးခုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၂)တပ်ရင်းထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
ပြည်သူ့ရင်ခွင်သို့ ရဲဝံ့စွာ ခိုလှုံလာသည့် CDM စစ်သားကို တပ်ရင်းဘက်မှ လုံခြုံစွာထားရှိ၍ မူဝါဒနှင့်အညီဆောင်ရွက်ပြီး ၎င်း၏သဘောဆန္ဒအလျှောက် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကာ ပြည်သူ့ရင်ခွင်ကို ထပ်မံခိုလှုံလာမည့် ရဲဘော်များအားလည်း အမြဲကြိုဆိုလျှက်ရှိကြောင်း မြိတ်ခရိုင် အမှတ် (၂) အသိပေးထားသည်။
ဓာတ်ပုံ ၊ မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း
ပုံစာ ၊ အလင်းဝင်ရောက်လာတဲ့ ကံပေါက်အခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ ရဲဘော်။
#ရေဖြူမြို့နယ် #ကံပေါက် #ခလရ၂၇၃ #စစ်ကောင်စီတပ်သား၁ဦး #ရှေ့တန်းစခန်း #ထွက်ပြေး #လက်နက်ခဲယမ်း #အလင်းဝင်ရောက် #Ayeyarwaddy_Times