
ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
ကချင်ပြည်နယ်၊ ဖားကန့်လမ်းပိုင်းရှိ မအူပင်ရေကာတာတွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက် ခံရပြီး လက်နက်နှင့် အလောင်းများကို ထားခဲ့ကာ တပ်ဆုတ်ပြေးသွားရကြောင်း သိရသည်။
ယမန်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မအူပင် ရေကာတာ အနီး ကြားဖြတ်တိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“နန့်ယားချောင်းနားမှာ အတိုက်ခံရတာ အလောင်းတွေ၊ လက်နက်တွေကျန်ခဲ့ပြီး တပ်ဆုတ်ပြန်ရတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၂၅ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှနေ၍ စစ်သုံး ၈ ဘီးကား ငါးစီးဖြင့် အင်အားအပြည့်တင်ကာ ဖားကန့်ဘက်သို့ စစ်ကူပို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုးညှင်းမြို့နယ်၊ နန်းမားဒေသ အလယ်တောအခြေစိုက် ခမရ ၃၈၅မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး နန့်မွန်းတောင် ထိပ်လက်နက်ကြီးစခန်းမှနေ၍လည်း အင်းတော်ကြီးအရှေ့ဘက်ကမ်း ဒေသကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ရွှေဘို၊ မြစ်ကြီးနား၊ ပြည်ထောင်စုကားလမ်းနှင့်အလယ်တော၊ ဘီးလူး၊ မိုးညှင်းလမ်းဆုံရှိ ခမရ ၃၈၅ သည် ခမရ ၃၈၆နှင့်ပူးပေါင်းလိုက်သည့်တပ်ရင်းကြီး ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ကာမိုင်းမှ မအူပင်သွားသည့် လမ်းပိုင်းတွင် အင်အားဖြည့်နေရာယူထားပြီး ရေကာတာအနီး တက်လာချိန်မွန်းလွဲ ၃ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
အင်းတော်ကြီးဒေသမှဖားကန့်၊ ဝှေခါကျေးရွာသို့သွားသည့်လမ်းနှင့် လဝါး-ဖားကန့်လမ်းတို့ကို စစ်ကြောင်း ထိုးလာသည့် အတွက် စစ်ရေးပြင်းထန်လာကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)
#ဖားကန့် #စစ်ကောင်စီတပ် #ကြားဖြတ်အတိုက်ခံ #လက်နက် #အလောင်းစွန့်ပစ်ပြေး #Ayeyarwaddy_Times